ဒီနေ့ အမေများနေ့တဲ့ . . ပို့စ်လေးတစ်ပုဒ်လောက်ရေးမယ်ကူးပြီးမှ
အစည်းအဝေးတစ်ခု သွားရတာရယ် အလုပ်ကိစ္စတွေရယ်ကြောင့် မရေးဖြစ်ခဲ့သေးဘူး ။
ဒီတစ်နှစ်အမေများနေ့မှာတော့
တခြားဖွဲ့နွဲ့တာတွေရေးချင်စိတ်လည်းသိပ်မရှိသေးတာကြောင့် ရိုးရိုးကလေးပဲ
ကျွန်တော်နဲ့အမေ့အကြောင်းလေး အနည်းငယ်ပြောပြပါ့မယ် ။ အဲဒါကို ကျွန်တော်က “
အဖြူရောင်ရင်ခွင် ” လို့အမည်ပေးထားတယ်။
အမေက ရန်ကုန်သူပါ ။ အဖေက
ဧရာဝတီတိုင်းမြန်အောင်မြို့ကြီးရဲ့ ဧရာဝတီမြစ်တစ်ဖက်ကကမ်းက
အိုးဘိုကျွန်းရွာကလေးဆီက ရွာသားလေးတစ်ယောက် ။ အဖေ့မှာ ညီအကို ၃ ယောက်ရှိတယ်
။ အောင်ချို ၊ အောင်ကို ၊ အောင်သူ တဲ့ အဖေက အကြီးဆုံးပေါ့ သူတို့အရင်က
စက်လှေသင်္ဘောတွေထောင်ကြတယ် ။ အဲဒီသဘောင်္တွေနဲ့မြို့ပေါ်တက်ရင်းက
မြို့သူအမေနဲ့တွေ့ခဲ့ပြီး ဇာတ်လမ်းတွေဖြစ်ခဲ့ကြတယ်ဆိုပါတော့ ။ အမေက
ကျွန်တော့်ကိုမွေးခဲ့တုန်းက မြောက်ဥက္ကလာပ ဆေးရုံမှာပါပဲ ။
ကျွန်တော်မွေးမွေးချင်းတုန်းက အရမ်းရုပ်ဆိုးတယ် ။ အခုလည်းရုပ်ကမချောပါဘူး ။
အရုပ်ဆိုးတော့ ဘာနဲ့တူသလဲဆိုတော့ ကြွက်စုပ်လိုလို ထူးဆန်းသတ္တ၀ါကောင်လိုလို
ငယ်ငယ်ရွယ်ရွယ်နဲ့ အဖိုးကြီးရုပ်ပေါက်နေတဲ့အကောင်ဆိုတော့ အမေမချီချင်တာ
ဘယ်ဆန်းပါ့မလဲလေ ။ အဲဒီအတွက်လည်း အမေ့ကိုတစ်ခါမှတော့ စိတ်မကွက်ခဲ့ဘူးပါဘူး ။
ဒီတော့ အိမ်ဘေးက ဒေါ်ချိုဆိုတဲ့အဒေါ်ကြီး ကျွန်တော့်ကို ပဲထိမ်းရတယ်
။ အမေက ကြောက်လို့တဲ့ ဟီးဟီး ။ ဒီလိုနဲ့ နို့တွေဘာတွေသောက်
အမေ့အပေါ်ဂျီကျဆိုးရင်း ကျွန်တော် တစ်နှစ်သားအရွယ်အရွယ်လောက်ရောက်တော့
၀၀တုတ်တုတ်လေးဖြစ်လာတယ် ။ အမေက ကျွန်တော့်ကိုအရမ်းချစ်တယ် ။ မှတ်မှတ်ရရ
ကျွန်တော် ၃ တန်းကျောင်းသားအရွယ်ပေါ့ ။ ကျွန်တော်တို့အဲဒီတုန်းက အ.မ.က
ကျောင်းလေးတွေမှာတက်ရတယ် ။ ရပ်ကွက်ထဲက မူလတန်းကျောင်းလေးတွေပေါ့ ။
ကျွန်တော့်မှာ အဲဒီတုန်းက နောင်နောင်ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် ။
နောင်နောင်က ကျောင်းသားဆိုကလေးပေါ့ ။ ကလေးသဘာဝ ကျွန်တော်တို့ ရန်ဖြစ်ကြတယ်
အဲဒီတုန်းကပေါ့ ။ အဲဒီတုန်းက ကျွန်တော်ကသိပ်စွာတယ်လို့ပြောတာပဲ ။
လူဆိုးကလေး မောင်သက်တန့်အငယ်စားပေါ့ ။ နောင်နောင်က အဲဒီတုန်းက
ကျွန်တော့်ခဲတံကို လုတယ် ကလေးသဘာဝ ဆော့ရင်း လိုချင်လို့လုတာဖြစ်မှာပါ ။
ကျွန်တော်ကပေးလိုက်ပါတယ် ။ နောက်တစ်ချောင်းထပ်သုံးတယ် ။ အဲဒီတစ်ချောင်းကို
ထပ်လုတယ် ။ ကျွန်တော်အသာတကြည်ပဲပေးလိုက်ပါတယ် အော် .
.သူလည်းလိုချင်မှာပေါ့လေ ဆိုပြီးသူငယ်ချင်းအချင်းချင်းပဲဆိုပြီး ။ ၃
ချောင်းမြောက် ကျွန်တော် ထပ်သုံးတယ် ။ ထပ်လုတယ် ။ ကျွန်တော် နောင်နောင့်ကို
စိုက်ကြည့်လိုက်တယ် ။ နောင်နောင်က ကျွန်တော့်ကို လုနေရင်း
တခြားသူငယ်ချင်းတွေကို ပြောပြီးရီပါတယ် ။
ကျွန်တော် ဘာမှမပြောပါဘူး
။ ခဲတံနဲ့သူ့လက်ဖမိုးကိုထိုးချလိုက်တယ် ။ သွေးတွေထွက်လာပြီး
အကုန်လုံးရုန်းရင်းဆန်ခတ်ဖြစ်ကုန်တယ် ။ ကျွန်တော်စာပဲဆက်ရေးနေလိုက်တယ် ။
နောင်နောင့်ကိုမြင်ပြီးဆရာမကပြေးလာတယ် ။ အတန်းရှေ့မတ်တပ်ရပ် သစ်သားပေတံနဲ့
ခြေသလုံးကိုရိုက်တယ် ။ နောက်နေ့ မိဘခေါ်လာတဲ့ ။ နောင်နောင့်အမေက
လုံးဝမကျေနပ်ဘူး မိဘချင်းရှင်းမယ်ဆိုပြီးအိမ်ကို လိုက်လာတယ် ။ အမေက
အရမ်းအေးတယ် ။ အဖေက နယ်သွားနေတယ် ။ အမေ့မှာ အဲဒီတုန်းက တောင်းပန်လိုက်ရတာ
ပြာပြာသလဲပါပဲ ။ ကျွန်တော်အဲဒီကတည်းကအမေ့ကိုကြည့်ပြီးအရမ်းသနားသွားမိတယ် ။
မိဘဆိုတာ သားသမီးအတွက်ဆို ဘာလို့ အောက်ကျနောက်ကျခံဖို့ ၀န်မလေးပဲ
ချစ်နိုင်ရတာလဲလို့ ။ အမေ့မှာ လည်းတခြားမိဘတွေလို
ကိုယ့်သားသမီးနဲ့ပတ်သတ်ပြီး ဂုဏ်ယူတတ်တဲ့အကျင့်ရှိပါတယ် ။ အတန်းထဲ
အဆင့်ကလေးများတက်လာရင် ဆုလေးတစ်ခုခုများချိတ်ရင် ဂုဏ်ယူလိုက်ရတာအမော ။
တကယ်တော့ ကျွန်တော်က သိပ်တော်နေတဲ့ကောင်တော့မဟုတ်ဘူးဗျ ။
အမေပြောတဲ့စကားတစ်ခွန်းရှိတယ် ။ “ သား . .အမေတို့ပညာတွေမတတ်ခဲ့လို့
အခုလိုသားဆင်းဆင်းရဲရဲနေရတာ . . ငါ့သားတော့အမေတို့လို
ဘယ်တော့မှဖြစ်စေရဘူးသားကိုဘာအမွေမှမပေးနိုင်ရင်တော်
ပညာအမွေတော့အမေတို့ရအောင်ပေးမယ် ” ဆိုပြီးကျောင်းစာကိုပဲ ဖိပြီးသင်စေခဲ့တယ်
။
နောက်ပြီး ကျွန်တော်အကြီးအကျယ် ရန်ဖြစ်တာတစ်ခုဖြစ်သေးတယ် ။
ရပ်ကွက်ထဲက အောင်ကြီးဆိုတဲ့ကောင်လေးနဲ့ပါ ။ မိုးတွေရွာနေတယ်
အဲဒီနေ့တုန်းကပေါ့ ။ ကျွန်တော်တို့မိုးရေထဲမှာ ဂေါ်လီ ရိုက်ကြပါတယ် ။
ဂေါ်လီရိုက်ရင်း ရန်ဖြစ်ကြတယ် ။ စကားများငြင်းခုံရင်းနဲ့ပေါ့ ။ အဲဒီတုန်းက
လူက ဘာဖြစ်သွားတယ်မသိပါဘူး ။ အောင်ကြီးကို ကျွန်တော် ဂေါ်လီနဲ့ ခေါင်းကို
ထုလိုက်တယ် ။ ဟီး . . အဲဒီတုန်းက ခေါင်းကွဲပြီးသွေးတွေထွက်လာတယ် ။ အမေ . . .
ကျွန်တော့်မိုက်မဲမှုကြောင့် ကျွန်တော့်လို သားဆိုးကြောင့်
အောင်ကြီးမိဘတွေကို တောင်းပန်ရပြန်တယ် ။
ဆေးဖိုးလျှော်ပေးရတဲ့အပြင်ကျေနပ်ရတဲ့အထိ မျက်နှာငုံ့လို့
ကျွန်တော့်အတွက်တောင်းပန်ပေးခဲ့ပါတယ် ။ အမေ ကျွန်တော့်ကို ဆူတယ်လို့
ခင်ဗျားတို့ထင်သလားဟင် ။ မဆူဘူးခင်ဗျ
ကျွန်တော်ကိုပြုံးပြီးပဲကြည့်ပြီးပြောတယ် ။ “ သားရယ် . .ရန်ဖြစ်တယ်ဆိုတာ
မကောင်းပါဘူး . . . သားပညာတတ်ကြီးလုပ်ရဦးမယ်လေ ” တဲ့ ။ အဲဒီနေ့ကစပြီး
ဒီနေ့အထိ ကျွန်တော် အပြင်မှာ ရန်မဖြစ်တော့ပါဘူး ။ (
စကားလုံးစစ်ပွဲတွေကလွဲလို့ပေါ့ :P ) အဲဒီကတည်းက အမေ့ကို ကျွန်တော်
ကတိတစ်ခုပေးလိုက်ပါတယ် ။ ကိုယ့်စိတ်ထဲမှာ ကိုယ်ပေးလိုက်တာပါ ။ ကျွန်တော်
ဘယ်တော့မှ ရန်ထပ်မဖြစ်တော့ဘူးလို့ ။ အမေက တခြားသူတွေလို တခြားသူတွေလို
ကျွန်တော့်ကိုဘာကြီး ဖြစ်ရမယ် ညာကြီးဖြစ်ရမယ်ဆိုပြီး ဘယ်တုန်းက
ဖိအားမပေးခဲ့ဘူး ။
ဆယ်တန်းကလေးအောင် ကုမ္ပဏီလေးတစ်ခုမှာ ၀င်လုပ်
လစာလေး ဘယ်လောက်ရရ မိသားစုလေး ပျော်ပျော်ရွှင်ရွှင်နေကြမယ်ဆိုတဲ့ စိတ်ကူးနဲ့
တကယ့် ပကတိ အဖြူရောင် မိခင်ပါ ။ ကျွန်တော်တစ်ခါတစ်ခါတွေးမိတယ် ။
တချို့သားသမီးတွေက သူတို့အမေကို မလိုချင်ကြဘူးတဲ့ ။ သူတို့လိုချင်တဲ့မိခင်
သူတို့လိုချင်တဲ့ဘ၀မရတဲ့အတွက် အမေတွေကို မုန်းကြတာတွေ့ရတယ် ။ တချို့ဆို
အမေတွေကို ခါးခါးသီးသီး အမေလို့ကို မခေါ်နိုင်အောက်အောင်ပဲ
ရပ်ကွက်ထဲမှာလည်းတွေ့ရပါတယ် ။ အဲဒီအတွက် ကျွန်တော် တစ်ခွန်းပဲပြောချင်မိတယ်
။ “ မိဘတွေက သားသမီးတွေကို ရွေးချယ်ခွင့်မရှိသလို သားသမီးတွေကလည်း
မိဘတွေကို ရွေးချယ်ခွင့် မရှိပါဘူး ” ဆိုတဲ့စကားပါပဲ ။ မှန်ပါတယ် ။
ဘယ်မိဘကမှ ငါတို့ဘ၀လေး မပြေလည်တဲ့ဘ၀လေးထဲ သားသမီးတွေရောက်လာပါစေရယ်လို့တော့
ခေါ်ယူခဲ့တာမရှိပါဘူး ။ ကျွန်တော်တို့ကလည်း ချမ်းသာတဲ့မိဘမှ
ဝင်စားလိုက်မယ်လို့ ရွေးချယ်ခွင့်မရှိပါဘူး။ သံသရာအဆက်ဆက်ဖြည့်ဆည်းခဲ့တဲ့
ပါရမီတွေကြောင့် ဒီဘ၀မှာ မိဘနဲ့သားသမီးဖြစ်လာရခြင်းဖြစ်ပါတယ် ။
အမေတွေရဲ့ရင်ခွင်ဟာ အဖြူရောင်ရင်ခွင်တွေပါ ။
သားသမီးတွေအတွက် သူတို့အတ္တကို မြိုသိပ်ထားနိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့မာနကို မြေချထားနိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့ အရာရာကို စွန့်လွှတ်နိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့ အရာရာကို စွမ်းဆောင်နိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့ အမြဲခွင့်လွှတ်ပေးနိုင်ကြတယ် ။
သားသမီးတွေအတွက် ရန်သူကိုတောင် ပြုံးပြရဖို့ဝန်မလေးတတ်ကြဘူး ။
သားသမီးတွေအတွက် သူတို့ အိမ်တံခါးဝဟာ အမြဲဖွင့်ပေးနေတတ်ကြတယ် ။
သားသမီးတွေအတွက် အမြဲသည်းခံ နေတတ်ကြတယ် ။
သားသမီးတွေအတွက် ဆို အမေ ဆိုတာ အရာရာပါပဲ ။
ဒီနေ့ဒီတစ်ရက်တည်းမဟုတ်ပဲ
သားသမီးတွေကလည်း အမေ့ကျေးဇူးကို လက်စုံမိုး၍
ရှိခိုးဦးခိုက်ပူဇော်နိုင်ကြပါစေ ။ လုပ်ကျွေးပြုစုနိုင်ကြပါစေ ။
အထပ်ထပ်အခါခါရေးခဲ့ပြီးသားဖြစ်ပေမယ့်နောက်ဆုံးကစကားလေးတစ်ခွန်းတော့ထပ်ပြောပါရစေဦး
။
“ အမေမသေခင် ကျွေးမွေးပြုစုပါ သေမှ နောင်တ မရကြပါနဲ့ ”
အဖြူရောင်ရင်ခွင်တွေကိုပိုင်ဆိုင်ထားတဲ့မိခင်တိုင်းလိုလိုဟာ သားသမီးတွေအတွက်ဆို ကြီးမားကျယ်ပြန့်လွန်းတဲ့ကောင်းကင်ကြီးတွေပါပဲ ။
သက်တန့်ချို
မှ ကူးယူထားသည်
No comments:
Post a Comment