Monday, April 15, 2013

မျောက်ငါးကောင်း၏ ပုံပြင်


စမ်းသပ်မှုတစ်ခုမှာ လူတွေက မျောက်ငါးကောင်ကို လှောင်အိမ်တစ်ခုထဲထည့်ပြီး လှောင်အိမ်ထိပ်မှာ ငှက်ပျောသီးတစ်ခိုင်ကို ချိတ်ဆွဲထားလိုက်တယ်။ လှောင်အိမ်မှာ အော်တိုစမ်းသပ်ခလုတ်တစ်ခုလဲ တပ်ဆင်ထားပြီး မျောက်တွေက ငှက်ပျောသီးကို သွားယူမယ်ကြံတိုင်း ရေနဲ့အပက်ခံကြရတယ်။
စစချင်း မျောက်တစ်ကောင်က ငှက်ပျောသီးကိုယူဖို့ကြံတော့ ရေနဲ့ပက်ခံလိုက်ရတယ်။ မျောက်ငါးကောင်လုံး ရေတွေ စိုကုန်တာပေါ့။ ကျန်တဲ့မျောက်တွေလည်း စမ်းကြည့်ကြတယ်။ ရေပက်ခံရတာပဲ အဖတ်တင်ခဲ့တယ်။ ဒါနဲ့ မျောက်တွေက ငှက်ပျောသီးကိုမယူရင် ရေပက်မခံရဘူး.. ဒါကြောင့် ငှက်ပျောသီးကို သွားမယူဖို့ အားလုံးက သဘောတူဆုံးဖြတ်လိုက်ကြတယ်။

နောက်တော့ စမ်းသပ်တဲ့လူတွေက မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့ လဲလိုက်တယ်။ (မျောက်ညိုလို့ ဆိုပါစို့)။ လှောင်အိမ်ထဲအသွင်းခံရတဲ့ မျောက်ညိုဟာ ငှက်ပျောသီးကိုမြင်တာနဲ့ ချက်ချင်းသွားယူမလို့ပါပဲ။ ဒါပေမယ့် တစ်ကောင်ကောင်က ငှက်ပျောသီးယူမယ်ကြံတိုင်း ရေပက်ခံရမယ်ဆိုတာကိုသိတဲ့ ကျန်မျောက် (၄)ကောင်ရဲ့ အထုအထောင်းကို မျောက်ညိုခံလိုက်ရတယ်။ မျောက်ညိုကယူဖို့ အကြိမ်ကြိမ် ကြိုးစားကြည့် တယ်။ ယူဖို့ကြံတိုင်း အထုအထောင်းပဲခံနေရတော့ နောက်ဆုံးလက်လျော့လိုက်ရတယ်။ မျောက် ငါးကောင်စလုံးက ရေပက်မခံရတော့ဘူးပေါ့။

စမ်းသပ်တဲ့လူတွေက နောက်မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်။ (မျောက်ဖိုးစိန် ဆိုပါတော့)။ မျောက်ဖိုးစိန်လည်း မျောက်ညိုအတိုင်းပဲ လှောင်အိမ်ထဲဝင်လာတာနဲ့ ငှက်ပျောသီးကိုယူဖို့ ကြံတယ်။ နောက်ဆုံးတော့ ကျန်မျောက်တွေရဲ့အရိုက်ကိုပဲ ခံလိုက်ရတယ်။ မျောက်ညိုကလည်း အရိုက်ခံထားရဖူးတော့ မျောက်ဖိုးစိန်ကို ကျန်မျောက်တွေဝိုင်းရိုက်နေတုန်း သူလဲ ဆွမ်းကြီးဝင်လောင်းတာပေါ့။ မျောက်ဖိုးစိန်လည်း ယူဖို့ကြံတိုင်း အရိုက်ပဲခံနေရတော့ လက်လျော့လိုက်ရတယ်။

အဲလိုနဲ့ စမ်းသပ်တဲ့လူတွေက မျောက်တွေကို တစ်ကောင်ပြီးတစ်ကောင် အသစ်တွေနဲ့လဲလိုက်တယ်။ နောက်ဆုံး မျောက်ငါးကောင်လုံးဟာ အသစ်တွေပဲဖြစ်ကုန်တယ်။ ဒါပေမယ့် တစ်ကောင်မှ ငှက်ပျောသီးကို သွားမယူရဲကြဘူး။ ဘာကြောင့်လဲဆိုတာ သူတို့ ကိုယ်တိုင်လည်း မသိဘူး။ သွားယူရင် အရိုက်ခံရမယ် ဆိုတာပဲ သိတယ်။

ဒီလိုနဲ့ပဲ “ ရှေးထုံးစဉ်လာ” ဆိုတာ ဖြစ်ပေါ်လာတယ်။
ရှေးရိုးစဉ်လာကို မသုံးသပ် မစိစစ်ကြည့်ရင် အဓိပ္ပါယ် မဲ့သွားတတ်တယ်။
ကျွန်မတို့ဟာ ငှက်ပျောသီးကို သွားယူရင် ရေပက်ခံရမယ်ဆိုတာကို သိတဲ့မျောက်လား....? အရိုက်ခံရမယ်ဆိုတာကိုပဲ သိတဲ့မျောက်လား......?

ခေါက်ဆွဲသုံးပွဲနှင့် ကြက်ဥကြော်

၎တန်းတက်နေတဲ့ သားက အိမ်မှာဆို ဘုရင်တစ်ဆူလိုပါပဲ။ တစ်အိမ်လုံးက ၀ိုင်းချစ်ကြတယ်။ သားက ကြက်ဥအရမ်းကြိုက်တယ်။ အထူးသဖြင့် ကြက်ဥကြော်ပေါ့။ တစ်နေ့မနက် ကျွန်မ ကြက်ဥခေါက်ဆွဲ နှစ်ပွဲလုပ်ပါတယ်။ ခေါက်ဆွဲတစ်ပွဲပေါ်မှာ ကြက်ဥတစ်လုံးတင်ပြီး ကျန်တစ်ပွဲက ကြက်ဥမပါဘူး။ ခေါက်ဆွဲကို စားပွဲပေါ်တင်ပြီး သားကို ကျွန်မမေးလိုက်တယ်။
“ သား....ဘယ်တစ်ပွဲစားမလဲ ? ”
“ကြက်ဥပါတဲ့တစ်ပွဲ မေမေ” သားက ကြက်ဥပါတဲ့ တစ်ပွဲကို လက်ညှိးထိုး ပြီးပြောတယ်။
“မေမေကို ကျွေးပါလား သား... ပုံပြင်တစ်ပုဒ်မှာ လေးနှစ်ပဲရှိသေးတဲ့ ကောင်လေး တစ်ယောက်က သစ်တော်သီးမျှသတဲ့။ သားက ဆယ်နှစ်တောင်ရှိနေပြီ မေမေကို ကြက်ဥမျှပါနော်”
“ကောင်လေးကကောင်လေး...သားကသား...မမျှနိုင်ပါဘူး”
“တကယ်မမျှဘူးပေါ့ ? ”
သားက ဆတ်ခနဲ ကြက်ဥကိုယူပြီး ပါးစပ်ထဲထည့်လိုက်တယ်။
“နောင်တမရဘူးလား သား” ကျွန်မမေးလိုက်ပြန်တယ်။
“မရပါဘူး” ကျန်ကြက်ဥကို ပါးစပ်ထဲ ထိုးထည့်ရင်း သားကပြောပါတယ်။
သားစားတာကို ကြည့်ပြီးမှ ကျွန်မခေါက်ဆွဲကို စစားဖို့ပြင်လိုက်တယ်။ ကျွန်မရဲ့ခေါက်ဆွဲမှာ ကြက်ဥကြော် နှစ်လုံး ဖွက်ထားတာကို သားမြင်အောင် ပြလိုက်ပြီး.. “သား...တပန်းသာချင်တဲ့လူဟာ ဘယ်တော့မှ အသာမရနိုင်ဘူးဆိုတာ မှတ်ထား နော်” ကြက်ဥကြော်စားနေတဲ့ ကျွန်မကို သားက ငိုမဲ့မဲ့နဲ့ ပြန်ကြည့်ပါတယ်။

ဒုတိယအကြိမ် ခေါက်ဆွဲချက်စားတော့ ပထမတစ်ခေါက်လိုပဲ တစ်ပွဲက ကြက်ဥကြော်ပါပြီး ကျန်တစ်ပွဲက မပါ ဘူး။
“သား...ဘယ်တစ်ပွဲစားမလဲ ?”
“လေးနှစ်သားကလေးတောင် သစ်တော်သီး မျှသေးတာပဲ..မေမေကို သားကြက်ဥ မျှပါတယ်” သားက ပြောပြောရီရီနဲ့ ကြက်ဥကြော်မပါတဲ့ တစ်ပွဲကို ရွေးလိုက်တယ်။
“နောင်တမရဘူးပေါ့ ?”
“မရဘူး မေမေ” သားက ပြောပြောဆိုဆို ခေါက်ဆွဲကို စစားပါတော့တယ်။ ခေါက်ဆွဲကုန်တဲ့အထိ ကြက်ဥကြော်ကို သူမတွေ့ခဲ့ပါဘူး။ ဥပါတဲ့ တစ်ပွဲရဲ့အောက်မှာ ကြက်ဥကြော် နောက်ထပ်တစ်လုံး ၀ှက်ထားတာကို သားမြင်အောင် ပြပြီး ..“သား...ကိုယ်အသာရအောင် လုပ်တဲ့လူဟာ တခါတလေမှာ နစ်နာတတ် တယ်ဆိုတာ မှတ်ထားနော်” ဒုတိယအကြိမ် သင်္ခန်းစာရလိုက်တော့ သားက မချိတင်ကဲနဲ့ သွားဖြီးပြပါတော့တယ်။

နောက်တစ်ခေါက် ခေါက်ဆွဲချက်ပြန်တော့ အရင်ပုံစံအတိုင်းပဲ တစ်ပွဲက ကြက်ဥပါပြီး နောက်တစ်ပွဲက မပါခဲ့ ပြန်ဘူး။
“ သား...ဒီနေ့ ဘယ်တစ်ပွဲစားမလဲ ? ”
“ မေမေဟာ လူကြီးပါ...မေမေ အရင်ရွေးပါ။ သားမေမေကို အရင်မျှပါတယ်”
“ဒါဆိုရင် မေမေ အားမနာတော့ဘူးနော်” ကြက်ဥကြော်ပါတဲ့ တစ်ပွဲကို ကျွန်မယူပြီး ပြောလိုက်တယ်။
သားက ဥမပါတဲ့ တစ်ပွဲကို စားနေခဲ့တယ်။ စားရင်းစားရင်း အောက်နားရောက်တော့ သူ့ခေါက်ဆွဲထဲမှာလည်း ကြက်ဥကြော် တစ်လုံးပါတာကို တွေ့လိုက်တယ်။
“သား....အသာမရချင်တဲ့လူဟာ နစ်နာမှုနည်းတယ်ဆိုတာ မှတ်ထားပါနော်”
သားက ကျွန်မအပြောကို သဘောတူကြောင်း ခေါင်းတစ်ဆတ်ဆတ် ညိတ်ပြတယ်။ ကျွန်မရဲ့အပြောကို အခုအချိန်မှာ သားဟာ သေချာသဘောပေါက်လိမ့်မယ် မထင်ဘူး။ ဒါပေမယ့် စကားသုံးခွန်းနဲ့ ခေါက်ဆွဲစား ခဲ့တာကိုတော့ သားတစ်သက် မေ့လိမ့်မယ် မထင်ဘူး

ရိုးရိုးကျင့် မြင့်မြင့်ကြံ

၁၉၇၂ ခုနှစ်က စင်ကာပူခရီးသွားလာရေး အရာရှိက စင်ကာပူဝန်ကြီး လီကွမ်ယုကို အစီရင်ခံစာ တင်သွင်းခဲ့တယ်။

စာထဲမှာ “ငါတို့စင်ကာပူဟာ အီဂျစ်နိုင်ငံလို ပိရမစ်မရှိဘူး။ တရုတ်နိုင်ငံလို ဂရိတ်ဝေါမရှိဘူး။ ဂျပန်နိုင်ငံလို ဖူဂျီတောင် မရှိဘူး။ ဟာဝိုင်ရီလို ၁၀မီတာ အမြင့်ရှိတဲ့ လှိုင်းတွေမရှိဘူး။ ငါတို့နိုင်ငံမှာ ၁၂ရာသီလုံး ပူပြင်းတဲ့ နေရောင်ခြည်ကလွဲလို့ ဘာမှထူးဆန်းတာ မရှိဘူး။ ခရီးသွားလာရေးအတွက် ချဲ့ထွင်မယ်ဆိုရင် ခက်ခဲလိမ့်မယ်”လို့ ရေးထားတယ်။

ဝန်ကြီး လီကွမ်ယုက စာဖတ်ပြီး ဒေါသထတော့တယ်။ နောက် စာတစ်စောင်ရေးပြီး ပြန်ပို့လိုက်တယ်။ စာထဲမှာ ဒီလိုရေးထားတယ်။

“ဘုရားသခင် ငါတို့ကို ပေးထားတာ မလုံလောက်သေးဘူးလား! နေရောင်ခြည်... နေရောင်ခြည်သာရှိရင် ငါတို့ လုံလောက်ပြီ”

အဲဒီနောက် စင်ကာပူဟာ တစ်နှစ်ပတ်လုံးရတဲ့ နေရောင်ခြည်ကို အသုံးပြုပြီး သစ်ပင် ပန်းမာလ်တွေ စိုက်ခဲ့တယ်။ အချိန်တိုတိုအတွင်းမှာ လှပတဲ့ပန်းဥယျာဉ် မြို့တော်အဖြစ် နာမည်ကြီးခဲ့ပြီး အာရှတိုက်မှာ တတိယ ကမ္ဘာလှည့်ခရီးသည် အများဆုံး နိုင်ငံဖြစ်ခဲ့တယ်။

နိုင်ငံတိုင်း၊ နေရာတိုင်း၊ လူတိုင်းကို ဘုရားသခင်က ပစ္စည်းများများစားစား မပေးခဲ့ပါဘူး။ နယူတန်ကို ပန်းသီးတစ်လုံးပဲ ပေးခဲ့တယ်။ ဒါတောင် သေချာပေးတာ မဟုတ်ဘဲ ပစ်ချပေးခဲ့တယ်။ ဒစ်စနီကို ကြွက်တစ်ကောင်ပဲ ပေးခဲ့တယ်။ ဒါတောင် ဒစ်စနီကိုယ်တိုင် စားစရာ ပေါင်မုန့်တစ်ချပ်တောင် မရှိတဲ့အချိန်မှာ ပေးခဲ့တာဖြစ်တယ်။ တရုတ်ပြည် ဆန်တုံနယ်က Qūfùဆိုတဲ့မြို့ကို CONFUCIUS တစ်ယောက်ပဲ ပေးခဲ့တယ်။

ဘုရားသခင်က နေရာတစ်ခုကို နည်းနည်းစီပေးခဲ့ပေမယ့် အသုံးပြုတတ်ရင်တော့ အဲဒီနည်းနည်းဟာ အများကြီးဖြစ်လာနိုင်ပါတယ်။ တွေးတောနေတဲ့ နယူတန်ဟာ အဲဒီပန်းသီးကြောင့် ရူပဗေဒပညာရှင်ကြီး ဖြစ်ခဲ့တယ်။ ငတ်နေချိန်မှာ ရောက်လာတဲ့ ကြွက်ကို ဒစ်စနီက သတ်မစားခဲ့ပါဘူး! အဲဒီကြွက်ကို အသုံးပြုပြီး အဖိုးမဖြတ်နိုင်တဲ့ ကာတွန်းတိုင်းပြည်ကို တည်ထောင်နိုင်ခဲ့တယ်။ CONFUCIUS ကို အသုံးပြုပြီး Qūfù ဟာ ခရီးသွားတွေမဆဲတဲ့ ရှေးဟောင်းမြို့ တစ်မြို့ဖြစ်ခဲ့တယ်။

သူက ဌေးလိုက်တာ! သူက လှလိုက်တာ! သူက တော်လိုက်တာ! ငါကျတော့ ဘာမှမရှိဘူး ဆိုပြီး ကိုယ့်ကိုပေးတာ နည်းတယ်များတယ်လို့ ညည်းညူကြဖူးလား! သူကျတော့ ရာထူးမြင့်မြင့်နဲ့ ထိုင်တဲ့ခုံက ဆိုဖာခုံ! ငါကျတော့ ခုံစုတ်တစ်လုံးပဲ ရတယ်လို့ မညည်းခင် လီကွမ်ယု စကားကို ပြန်စဉ်းစားမိရင် အော်...ဘုရားသခင် ငါ့ကို ဒီခုံစုတ်ပေးတာ အကြောင်းရှိရမယ်လို့ တွေးမိခဲ့ရင်

ပုံပျက်သွားတဲ့ ရိုးသားမှု

တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင်ရှိသည်။ ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင်သောကြောင့် ကုန်သည်မှာ အလွန်မြတ်နိုးခဲ့သည်။ ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားသော ဒုတိယကုန်သည် တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိကျခဲ့သည်။

တစ်နေ့တွင် သူသည် မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လှဲလှယ်ရန် စကားကမ်းလှမ်းခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည်။ ဤမြင်းအား ရှိသမျှ စည်းစိမ်နှင့် လှဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘ၀အတွက် အကောင်းဆုံး အဖော်မွန်၊ မိမိအသက်ရှင်နေသရွေ့ မြင်းအား ဘယ်အရာနှင့်မျှ မလှဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က မြင်းအား အလွန်နှစ်သက်မိသဖြင့် မြင်းအား ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး အကြံထုတ် လေတော့သည်။

တစ်နေ့တွင် သူသည် အ၀တ်အစား အစုတ်အပြတ်ကို ၀တ်ဆင်လျှက် မြင်းပိုင်ရှင်လာရာလမ်း တစ်နေရာတွင် ဖျားနာချင် ဟန်ဆောင်ပြီး လဲလျောင်း နေခဲ့သည်။ မြင်းပိုင်ရှင်က တွေ့သောအခါ မြင်းပေါ်မှ အလျှင်အမြန်ဆင်းပြီး ဖျားနေသော သူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်း ပကတိဖြစ်သွားပြီး မြင်းပိုင်ရှင်အား “ ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လှဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခုကျွန်တော် မြင်းပေါ် ရောက်နေပြီ... ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ” ဟု ပြောလေသည်။

မြင်းပိုင်ရှင်က “ ကောင်းပြီလေ... မြင်းကို ခင်ဗျားပိုင်သွားပါပြီ... ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော်စကားတစ်ခွန်း ပြောချင်သေးတယ်။
ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ”
“ မြင်းကို ကျွန်တော်ပိုင်ပြီပဲ... တစ်ခွန်းမကဘူး..ခင်ဗျားကြိုက်သလောက် ပြောလို့ရတယ်”
“ တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျားဘယ်လို ရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့..ဒီစကားကို မှတ်ထားပေးပါ”
“ဘာလို့လဲ...”
“ဒီမြင်းကို ဘယ်လိုရခဲ့တယ် ဆိုတဲ့အကြောင်း အမှန်ကို ခင်ဗျားပြောခဲ့ရင် နောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့ လဲနေတဲ့ လူတွေကိုတွေ့ရင် ဘယ်သူက ကယ်ရဲတော့မလဲဗျာ”
မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တခဏမျှ ဆွံအသွားခဲ့သည်။ ထို့နောက် ရှက်ရွံ့ အားနာပြီး မြင်းပေါ်မှ ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည်။
ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင် လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင်တတွေ ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ... ကျွန်တော့်ကို ခွင့်လွတ်ပါဗျာ”

ထင်းခုတ်သမားနှစ်ဦး

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီ မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့သည်။

ခြောက်ရက်မြှောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ “ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”

“ဒီိလို လူလေး... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုး အသက်ကြီးပြီ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

အလုပ်ထဲက လူတွေကို ဟောပြောပွဲ သွားနားထောင်ဖို့၊ အချိန်ပို သင်တန်းတွေ တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်တယ်။ တစ်ချို့လူတွေက “အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့ ညည်းကြရင်း ဒီပုံပြင်နဲ့ ခိုင်းနိုင်းပြီး သူတို့ကို ကျွန်တော် ပြောတတ်တယ်။ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင်တယ်။

မှတ်ထားသင့်တာတွေပါ

ဂျုးလူမျိုးတို့ရဲ့ သူတော်ကောင်းတရား (၇)ချက်----

(i) သူတစ်ပါးပိုင်နက် မကျူးလွန်နဲ့ (သူတစ်ပါးရဲ့အိမ်ရှေ့မှာ ကိုယ့်အာဏာကိုမပြနဲ့)
(ii) သူတစ်ပါးစကား ကြားမဖြတ်နဲ့
(iii) အောင်မြင်မှုရဖို့ ဆန္ဒမစောနဲ့
(iv) မေးမြန်းတဲ့မေးခွန်းမှာ ဦးတည်ချက်ပါပါစေ
(v) ဖြေတဲ့အဖြေက အခြေအနေနဲ့ကိုက်ညီပါစေ
(vi) ပြောတဲ့စကားမှာ အစ အဆုံး ရှိပါစေ
(vii) အမှန်တရားကို အခြေခံထားပါ
လူတွေမှာပါတဲ့ မျက်လုံးနှစ်လုံးက တန်းတူညီမျှတယ်။ ဒါပေမဲ့ လူတွေကိုကြည့်တဲ့အကြည့်က မျှတမှုမရှိဘူး။ လူတွေမှာပါတဲ့ နားတစ်စုံက ဘယ်ညာနှစ်ဖက်မှာခွဲထားတယ်။ ဒါပေမဲ့ တစ်ဖက်ကိုပဲ အာရုံစိုက်နားထောင်တတ်တယ်။ လူတွေမှာ ပါးစပ်တစ်ပေါက်ပဲပါတယ်။ ဒါပေမဲ့ စကားနှစ်မျိုး လှည့်ပြောတတ်တယ်။
 မေတ္တာစိတ် ပေးကမ်းနိုင်သူဟာ အသိပညာရှိသူ၊
ဦးနှောက်ခြောက်စရာတွေကို ချေဖျက်နိုင်သူက ဉာဏ်ရည်ဉာဏ်စွမ်းရှိသူ


စိတ်ကူးအိပ်မက်ရှိတာက အသိဉာဏ်တဲ့၊ အဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်တာက အရည်အချင်းဖြစ်တယ်။

 ငွေကြေးကိုဆုံးရှုံးတာက နည်းတဲ့ဆုံးရှုံးမှု
ကျန်းမာရေးကိုဆုံးရှုံးတာက များတဲ့ဆုံးရှုံးမှု
ရဲစွမ်းသတ္တိကိုဆုံးရှုံးတာက အရာအားလုံးကိုဆုံးရှုံးသတဲ့။
 အိမ်ကထွက်တဲ့အခါ လမ်းဖြောင့်ကိုလျှောက်ပါ
ပါးစပ်ကထွက်တဲ့စကား နားဝင်ချိုပါစေ
လက်ကထွက်တဲ့အလုပ် အကျိုးရှိပါစေ
မျက်နှာကိုလှအောင် လိမ်းခြယ်တာက တတိယတန်းစားလိမ်းခြယ်မှု
စိတ်ဓာတ်ကိုလှအောင် လိမ်းခြယ်တာက ဒုတိယတန်းစားလိမ်းခြယ်မှု
ဘဝကိုလှအောင် လိမ်းခြယ်တာက ပထမတန်းစားလိမ်းခြယ်မှု
ကျွန်တော်တို့ မလှပလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကျန်းမာတယ်။
ကျွန်တော်တို့ မကြီးမြတ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဂုဏ်သိက္ခာရှိတယ်။
ကျွန်တော်တို့ မပြည့်စုံလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကြိုးစားတယ်။
ကျွန်တော်တို့ ထာဝရမတည်မြဲလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရိုးသားတယ်။
သာမန်လူတွေက မျက်လုံးနှစ်လုံးဖွင့်ပြီး လောကကြီးကိုကြည့်တယ်။ အမြဲအကြည့်မှားတယ်။

ထူးကဲတဲ့လူတွေက မျက်လုံးတစ်ဖက်ဖွင့်၊ တစ်ဖက်ပိတ်နဲ့ လောကကြီးကိုကြည့်တယ်။ အရိပ်အကဲကို ရှင်းရှင်းလင်းလင်းမြင်တယ်။


ပိုထူးကဲလွန်တဲ့လူတွေက မျက်လုံးနှစ်လုံးပိတ်ပြီး စိတ်နဲ့လောကကြီးကိုကြည့်တယ်။ အားလုံးကို အောင်မြင်လွှမ်းမိုးတယ်။

စကားပြောနည်း လိုအပ်ချက်---
(၁) ပြောသင့်ချိန်မှာပြောတာ --- အဆင့်အတန်းရှိတယ်
(၂) မပြောသင့်ချိန်မှာ မပြောတာ ---- ထက်မြက်တယ်
(၃) ဘယ်အချိန်မှာပြောသင့်/မပြောသင့်တာကိုသိတာ ---- အသိဉာဏ်ရှိတယ်
 သင့်မှာ ဒေါသထွက်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူရဲ့ဂုဏ်သိက္ခာကို မနင်းချေနဲ့။
သင့်မှာ ဆုံးရှုံးခွင့်ရှိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမမဲ့စေနဲ့။
သင့်မှာ အောင်မြင်မှုကိုရယူနိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူနစ်နာခံရတဲ့ အောင်မြင်မှုမျိုးမဖြစ်စေနဲ့။
သင့်မှာ အငြင်းပွားခွင့်ရှိတယ်။ ဒါပေမဲ့ လက်စားချေ တုန့်ပြန်မှုမျိုးမဖြစ်စေနဲ့။
သင့်မှာ လှပကောင်းမွန်တဲ့ ဘဝရှိခွင့်ရှိတယ်။ ဒါပေမဲ့ လိမ်ညာလှည့်ဖြားပြီး ရလာတဲ့ ပျော်ရွှင်မှုမျိုးမဖြစ်စေနဲ့။

ကျွန်တော်ဖတ်ဖို့  ပေါ့

ချစ်ရတဲ့ _____ ရေ

ဒီကနေ့ကစ ကိုယ်ကိုယ်တိုင်အတွက် ဂုဏ်ယူစွာနဲ့ရှင်သန်ပါ။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ဘယ်သူကမှ သင့်ကို သူကိုယ်တိုင်လောက်ချစ်မှာ မဟုတ်ပါဘူး။

လူတချို့ကို အရမ်းဂရုမစိုက်ပါနဲ့၊ အရာတချို့ကို အရမ်းအလေးမထားပါနဲ့။ ကံတရားကို အကောင်းဆုံးစိတ်ထားနဲ့ ရင်ဆိုင်နိုင်ဖို့ကြိုးစားပါ။ လောကကြီးဟာ အမြဲ မမျှတနိုင်ပါဘူး။ ကိုယ်ပိုအလေးထားတဲ့ လူ၊ အရာဝတ္ထုရှေ့မှာ ကိုယ်ဟာအမြဲတန်ဖိုးကျရလို့ပါပဲ။

ကိုယ့်ကိုယ်ကို ဘယ်တော့မှ မနှိပ်စက်ပါနဲ့။ ဥပမာ- ထမင်းမစားတာ၊ ငိုတာ၊ ကိုယ့်ကိုယ်ကို ပိတ်လှောင်တာ၊ စိတ်အားငယ် စိတ်ဓာတ်ကျတာ.... ဒါတွေဟာ လူနုံ၊ လူအတွေမှ လုပ်တဲ့အရာတွေပါ။

ကိုယ့်ကိုယ်ကို နည်းနည်းထက်မြက်ပါစေ။
ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေကို တုံးအတဲ့မေးခွန်းတွေ ထပ်တလဲလဲ သွားမမေးပါနဲ့။
ဒါဟာ ပျင်းဖို့ ကောင်းလွန်းပါတယ်။

တကယ်လို့ မပျော်ဘူး၊ ဝမ်းနည်းရင် ထောင့်တစ်နေရာရာမှာ ဒါမှမဟုတ် စောင်ထဲဝင်ပြီး ငိုလိုက်ပါ။
တခြားလူ ကိုယ်ချင်းစာ သနားဖို့မလိုပါဘူး။
ငိုပြီးတဲ့နောက် ပျော်ရွှင်တဲ့နေ့ရက်တွေကို ဖြတ်သန်းပါ။

ကိုယ့်ခံစားချက်ကို ကိုယ်ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ပါဘူး။
ဒါကြောင့် တခြားလူအပေါ် သင်ဒေါသထွက်ချင်တိုင်း မထွက်ပါနဲ့၊ စိတ်တိုချင်တိုင်း မတိုပါနဲ့။


ခ်စ္ရတဲ့ ______ ေ

သင် စိတ်ပျက်လက်ပျက်ဖြစ်လို့ရတယ်၊ ဒါပေမယ့် မျှော်လင့်ချက်တော့ မမဲ့ပါစေနဲ့။
tomorrow is another day ဆိုတာကို ယုံယုံကြည်ကြည်ရှိပါ။

တခြားလူအပေါ် မှီခိုဖို့ပဲ မစဉ်းစားပါနဲ့။
သင်အကူအညီလိုချိန် အနားရောက်လာပြီးကူညီမယ့်လူကို ပိုလိုတောင် မမျှော်ကိုးပါနဲ့။
ဘယ်သူကမှ ဘယ်သူ့ဟာ မဟုတ်လို့ပါပဲ။

တခြားလူကို ဘယ်တော့မှ ကတိလွယ်လွယ်မပေးပါနဲ့။ ပေးလိုက်တဲ့ ကတိက ဆပ်စရာ အကြွေးဖြစ်တယ်။

ဒီလောကမှာ နောက်ပြန်လှည့်လို့ မရတာပဲရှိတယ်၊ ကျော်ဖြတ်လို့မရတဲ့အရာဆိုတာ မရှိပါဘူး။

သင့်အပေါ် သူကောင်းရင် သူ့အပေါ် သင်ဆတိုးကောင်းပါ။
သင့်အပေါ် သူမကောင်းရင်လည်း သူ့အပေါ် သင်ကောင်းသင့်ပါတယ်။ အကြောင်းက သင်မှာ ကောင်းတာတွေ မလုံလောက်သေးလို့ပါပဲ။

လက်တွေ့ဘဝဟာ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းပါစေ... အမှောင်လွန်ရင် အလင်းရောက်လာမယ်ဆိုတာကို ခေါင်းမာမာနဲ့ယုံကြည်ပေးပါ။


ချစ်ရတဲ့ _______ ရေ


အတိတ်ကို မလွှတ်တမ်း ဆုပ်ကိုင်မထားပါနဲ့။ ကြိုးပြတ်သွားတဲ့စွန်ကို ပျံသန်းခွင့်ပေးလိုက်ပါ။
သူ့ကိုလွှတ်လိုက်တာဟာ ကိုယ့်ကိုယ်ကို ပိုလွတ်လပ်ခွင့်ပေးလိုက်တာပါပဲ။

လောကမှာ "သင်"တစ်ယောက်ပဲရှိပါတယ်။ တခြားလူတွေ သင့်ကို မနှစ်သက်ခဲ့ရင်လည်း သင့်ကိုယ်သင် မြတ်နိုးတတ်ပါစေ။ မှန်ကန်သူဖြစ်ပါစေ။

သင့်ဘေးက သင့်ကိုအဖော်ပြုသူတွေကို ကောင်းကောင်းဆက်ဆံပါ။ အချစ်က တိုတောင်းနိုင်ပေမယ့် သူငယ်ချင်းက တစ်သက်လုံးအတွက်ပါ။

အချစ်အပြင် မြေပြင်ပေါ်မှာ သင်ခြေအစုံ ကြံ့ကြံ့ခံရပ်နိုင်စေမယ့်အရာကို ရှာဖွေနိုင်ပါစေ။

မကြာခဏ ကောင်းကင်ကိုမော့ကြည့်ပါ။ ကောင်းကင်ကိုမော့ကြည့်ချိန် ခြေဖဝါးအောက်ကအရာကိုလည်း ကြည့်ဖို့မမေ့ပါနဲ့။

သင့်ရဲ့အလိုလိုသိစိတ်ကို ယုံကြည်ပါ။ တခြားလူကို ရန်မစပါနဲ့။ တခြားလူကလည်း သင့်ကို ရန်မစစေပါနဲ့။

တခြားလူနဲ့ ဟိုလိုလို ဒီလိုလို မရှုပ်ပါနဲ့။ သင် တတ်နိုင်မှာ၊ ပေးစွမ်းနိုင်မှာ မဟုတ်လို့ပါ။

သင့်ကိုယ်သင် အရမ်းနှိမ်မချပါနဲ့။ တစ်ခါတလေ ရဲဝင့်ပါစေ။ အနိုင်ကျင့်ခံရတဲ့အခါ အမှန်ကို ပြန်ရယူပါ။
ဒါပေမယ့် ရန်ငြိုးမထားပါနဲ့။ လူသိမ် လူနုံတွေ သူတို့လမ်းသူတို့သွားပါစေ။ သနားညှာတာခြင်းက သင့်ကို ပိုမြင့်မြတ်စေပါတယ်။


ချစ်ရတဲ့ _____ ရေ

ပျော်ပျော်နေပါ၊ ရွှင်လန်းတက်ကြွအောင်နေပါ၊ ကြံ့ခိုင်အောင်နေပါ၊ မေတ္တာတွေ နွေးထွေးပါစေ။ ဒါဟာ အကျင့်စရိုက်နဲ့ မဆိုင်ပါဘူး။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ကိုယ့်ကိုယ်ကိုလည်း မြတ်နိုးတတ်ပါစေ။ ကိုယ်ဟာအကောင်းဆုံးကို ပိုင်ဆိုင်ထားကြောင်း ကိုယ့်ကိုယ်ကို အစဉ်အမြဲ အသိပေးတတ်ပါစေ။

မျှော်လင့်ချက်ကို အမြဲဆောင်ထားပါ။ ရှေ့သို့ အမြဲဆက်လှမ်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်ဖြစ် လောကမှာ သင့်ကိုအားပေးသူတစ်ယောက် အမြဲရှိနေပါတယ်။အဲဒီလူကတော့ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။

ကျွန်တော်ဖတ်ဖို့ /မှတ်ဖို့ ပါဗျာ

(1) ငါဟာ ချွတ်ယွင်းချက်အပြည့်နဲ့ လူတစ်ယောက်ပါ
ငါ့ကိုငါ အနှစ်ချုပ်ကြည့်တော့
ငါ့မှာ မပြည့်ဝတဲ့ စရိုက်လက္ခဏာရှိတယ်။
အထီးကျန်ဆန်တဲ့ လူ့ဘဝရှိတယ်။

စရိုက်လက္ခဏာက မွေးရာပါ ပြောင်းလဲချင်တိုင်း ပြောင်းလဲလို့ မရနိုင်ဘူးဆိုပေမယ့်
ကိုယ့်ကိုယ်ကို မကြာခဏ အနှစ်ချုပ်ကြည့်မယ်
ကိုယ့်ကိုယ်ကို မကြာခဏ ဝေဖန်ပိုင်းခြားမယ်
ကိုယ့်ကိုယ်ကို မကြာခဏ ဆန်းစစ်မယ်
ကိုယ့်ကိုယ်ကို မကြာခဏ သတိပေးမယ်
ကိုယ့်ကိုယ်ကို မကြာခဏ လှုံ့ဆော်မယ်..... ဒါတွေကို ငါလုပ်လို့ရတယ်။
ဒီလိုမှမဟုတ်ရင်....
အထီးကျန်တဲ့ဘဝကို ငါပိုင်ရုံမက ရှုံးနိမ့်တဲ့ဘဝကိုလည်း ငါပိုင်ရလိမ့်မယ်။

တစ်ခုကောင်းတာက....
သင်ယူလေ့လာရတာကို ငါနှစ်သက်တယ်
စဉ်းစားတွေးတာရတာကို ငါနှစ်သက်တယ်
လူကောင်းတစ်ယောက်ဖြစ်ဖို့ ငါကြိုးစားတယ်
ဒါတွေက ငါ့ဘဝရဲ့မပြည့်စုံခြင်းတွေကို ဖာထေးပေးတယ်။

(၂)
လူ့ဘဝမှာ....
အကြီးမားဆုံးရန်သူက ကိုယ်ကိုယ်တိုင်ဖြစ်တယ်။
အကြီးမားဆုံးကျရှုံးခြင်းက ကိုယ့်ကိုယ်ကို အထင်ကြီးတာဖြစ်တယ်။
အကြီးမားဆုံးမသိခြင်းက လိမ်ညာတာဖြစ်တယ်။
အကြီမားဆုံးကြေကွဲမှုက မနာလိုတာဖြစ်တယ်။
အကြီးမားဆုံး အမှားက ကိုယ့်ကိုယ်ကို စွန့်ပယ်တာဖြစ်တယ်။
အကြီးမားဆုံးလေးစားမှုက ဘာသာတရားကိုင်းရှိုင်းတာဖြစ်တယ်။
အကြီးမားဆုံးဆုံးရှုံးမှုက မျှော်လင့်ချက်မဲ့တာဖြစ်တယ်။
အကြီးမားဆုံးစည်းစိမ်က ကိုယ်စိတ်နှလုံးကျန်းမာတာဖြစ်တယ်။
အကြီးမားဆုံးအကြွေးက ချစ်ကြွေး၊ ရန်ကြွေးတွေဖြစ်တယ်။
အကြီးမားဆုံးလက်ဆောင်က ခွင့်လွှတ်ခြင်းဖြစ်တယ်။
အကြီးမားဆုံးချွတ်ယွင်းချက်က ဆင်ခြင်တုံတရားမဲ့တာဖြစ်တယ်။
အကြီးမားဆုံးကျေနပ်အားရစရာက ပေးဆပ်ခြင်းဖြစ်တယ်။
အကြီးမားဆုံးအပြစ်က လူလူချင်းအနိုင်ကျင့်တာဖြစ်တယ်။
သနားစရာအကောင်းဆုံးက ကိုယ့်ကိုယ်ကိုသိမ်ငယ်၊ အားငယ်တာဖြစ်တယ်။

(၃)
စိတ်ပညာရှင်တွေအကြံပြုတဲ့ သင့်ကိုပျော်ရွှင်စေနိုင်တဲ့အရာများ
(၁) နေ့တိုင်း ဓာတ်ပုံရိုက်ပါ
(၂) ပျော်စရာရုပ်ရှင်ကားတွေကို ကြည့်ပါ
(၃) ရုံးပိတ်ရက်မနက်ပိုင်း အိပ်ရာထဲမှာ အကြာကြီးနှပ်နေပါ
(၄) သူငယ်ချင်းတွေကို ကတ်ပို့ပါ
(၅) ရေကမ်းစပ်မှာ လမ်းလျှောက်ပါ
(၆) စားကောင်းသောက်ကောင်းတွေ တစ်ခါတလေစားပါ။
(၇) ပတ်တိုင်း တစ်ခါလောက် လေ့ကျင့်ခန်းလုပ်ပါ
(၈) ကားမောင်းရင်း သီချင်းအော်ဆိုပါ
(၉) ကော်ဖီသောက်ရင်း စာအုပ်ဖတ်ပါ
(၁ဝ) ဖုန်းပြောရင်း ဟိုဟိုဒီဒီ လျှောက်ရေးခြစ်ပါ
(၁၁) ရေချိုးရင်း သီချင်းဆိုပါ...

(၄)
တကယ်လို့သင်ဟာ အမည်မရှိတဲ့ ချောင်းလေးတစ်ချောင်းဆိုရင်
ပင်လယ်လို မကျယ်ပြောခဲ့လည်း
မြစ်ကြီးလို တသွင်သွင် မစီးဆင်းခဲ့လည်း
မြစ်တွေဖြစ်ဖို့ သင်ပေါင်းစုစီးဝင်နိုင်ခဲ့တယ်။

တောင်ကမူအကွေ့အကောက်တွေကို သင်ဖြတ်သန်း
ရှေ့ကို ရဲရဲချီခဲ့တယ်။
ဆူးညောင့်ခလုတ်တွေကို သင်ဖြတ်ကျော်
မနားမနေ စီးဆင်းခဲ့တယ်။
နောက်ပြန်မစီးဘဲ ဘဝရဲ့အဓိပ္ပာယ်ကို သင်ဖော်ဆောင်ခဲ့တယ်။

လူ့ဘဝခရီးလမ်းက အမြဲ မဖြောင့်တန်းနိုင်ပါဘူး။
ကျရှုံးခြင်းနဲ့ရင်ဆိုင်ရချိန် သင်တွေဝေတွန့်ဆုတ်ခဲ့ရင်
အယုံအကြည်မဲ့ချိန် မကျေမနပ် သင်ညည်းတွားခဲ့ရင်
အခွင့်အရေးကို လက်လွတ်လိုက်ရလို့ သင့်ကိုယ်သင် မျှော်လင့်ချက်မဲ့ခဲ့ရင်
"ငါ့ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်တွေ ဘယ်ရောက်သွားပြီလဲ?" လို့ သင်တွေးဆခဲ့ဖူးသလား?

(၅)
အလုပ်မှာ စိတ်ရှုပ်စရာကြုံတာနဲ့
ခက်လိုက်တာဆိုပြီး သင်တွန့်ဆုတ်တယ်။

ဘဝမှာ အခက်အခဲကြုံတာနဲ့
ပင်ပန်းလိုက်တာဆိုပြီး သင်ညည်းတွားတယ်။

ကံကြမ္မာကို ငြိုးမယ်ဖွဲ့လိုက်
နေ့ရက်တိုင်းကို သက်ပြင်းချလိုက်
တခြားသူရဲ့ အောင်မြင်မှုကို အားကျလိုက်နဲ့
ကိုယ်လျှောက်တဲ့လမ်းကို အဆိုးမြင်ပစ်လိုက်တယ်။

အလုပ်မှာ အဆင်မပြေရင်
ဖြည်းဖြည်းမှန်မှန် သင်ယူလို့ရတယ်
အတွေ့အကြုံဆိုတာ စုပုံ စုဆောင်းဖို့လိုလို့ပါ။

ဘဝမှာ မပျော်ရွှင်ရင်
မစိုးရိမ် မပူပန်ပါနဲ့
ဘဝဆိုတာ နဂိုကတည်းက ၁၂မျိုးအသုပ်စုံပါ။

တခြားသူတွေ ဒီကနေ့မှာ အောင်မြင်တယ်ဆိုတာ
သူတို့ဖြတ်သန်းခဲ့၊ ကြိုးစားခဲ့တဲ့ ရလဒ်ပါ။
ဒီကနေ့ကို သင်စိတ်တိုင်းမကျဘူး၊ မအောင်မြင်သေးဘူးဆိုပေမယ့်
သင့်မှာခွန်အားရှိပါသေးတယ်၊ သင့်မှာအရွယ်ရှိပါသေးတယ်
လှပတဲ့အနာဂတ်ကို သင်ပိုင်ဆိုင်ရဦးမှာပါ။

(၆)
တကယ်လို့ တွေတွေဝေဝေဖြစ်ပြီးစိတ်ရှုပ်ခဲ့ရင် သဘောက သင့်မှာ တိုးတက်ချင်တဲ့စိတ်ရှိသေးလို့ပါ။

တကယ်လို့ ဆုံးရှုံးမှုအတွက် သင်ဝမ်းနည်းခဲ့ရင် သဘောက သင့်မှာ အောင်မြင်လိုစိတ်ရှိသေးလို့ပါ။

တကယ်လို့ လုပ်ခဲ့တဲ့အမှားအတွက် နောင်တရခဲ့ရင် သဘောက တန်ဖိုးထားတတ်ဖို့ သင်နားလည်ခဲ့လို့ပါ။

တကယ်လို့ နာကျင်မှုအတွက် မျက်ရည်ကျခဲ့ရင် သဘောက ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ရှင်သန်ချင်လို့ပါ။

လောကမှာ အသက်ရှင်နေတဲ့လူတိုင်း
အရာရာ အဆင်ပြေချောမွတ်တယ်ဆိုတာ မရှိပါဘူး
အဓိက,က သင်ဘယ်လို ရင်ဆိုင်မလဲဆိုတာပဲဖြစ်တယ်။
အခက်အခဲ၊ ဆင်းရဲဒုက္ခတွေကို သင် ကျော်ဖြတ်နိုင်ပြီဆိုရင်
ဘဝကို အသစ်တဖန် သင်ပြန်လည်ရေးသားနိုင်ပြီဖြစ်တယ်။

အတိတ်ကိုသွားပြီး အရာရာအသစ်ကစဖို့ ဘယ်သူမှမတတ်နိုင်ခဲ့ဘူး
ဒါပေမယ့် ဒီကနေ့ကစပြီး အရာရာအသစ်ဖြစ်ဖို့ လူတိုင်းတတ်နိုင်ကြတယ်
အဆုံးသတ်မတူတဲ့ စာတစ်ပုဒ်ကို လူတိုင်းရေးနိုင်ကြပါတယ်။

(၇)
လူတစ်ယောက်ရဲ့ဖြစ်ထွန်းမှု/ အောင်မြင်မှုကို
ငွေကြေးနဲ့ တိုင်းတာလို့မရပါဘူး
လူဘယ်နှယောက်အပေါ် သင်ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သလဲ
လူဘယ်နှယောက်က သင့်ကို အမှတ်ရ၊ လွမ်းဆွတ်နေမလဲဆိုတဲ့အပေါ်မှာ မှုတည်ပါတယ်။

စီးပွားရေးသမားရဲ့ စာရင်းဇယားက
ဝင်ငွေထဲက ထွက်ငွေကိုနှုတ်
ရလာတဲ့အမြတ်က အောင်မြင်(ဖြစ်ထွန်း)မှုဖြစ်တယ်။

လူ့ဘဝရဲ့ စာရင်းဇယားက
ကိုယ့်ကို လူတွေချစ်တာနဲ့ ကိုယ်က လူတွေကိုချစ်တာပေါင်း
ရလာတဲ့အကျိုးက အောင်မြင်(ဖြစ်ထွန်း)မှုဖြစ်တယ်။

(၈)
ကြံ့ခိုင်သန်မာဖူးမှ ဒီလောက,က ပျော့ညံ့သူအလိုမရှိဆိုတာကို သိတယ်။
လဲကျဖူးမှ လဲကျခဲ့တဲ့နေရာကပြန်ထ ရှေ့ဆက်လျှောက်ရမယ်ဆိုတာကို သိတယ်။
ငိုကြွေးဖူးမှ ကိုယ့်နှလုံးသားလဲနာကျင်တတ်တယ်.. နာကျင်ရင် မျက်ရည်ကျတတ်တယ် ဆိုတာကိုသိတယ်။
ဒဏ်ရာရဖူးမှ ကိုယ်ဘယ်လောက်ခံနိုင်ရည်ရှိရှိ တကယ်တော့ အားနည်းချက်လဲရှိတယ်ဆိုတာကိုသိတယ်။
ချစ်ခဲ့ဖူးမှ အချစ်ဆိုတာ ရယူ၊ မေ့ပျောက်ရခက်သလို ဝမ်းနည်း၊ ပျော်ရွှင်မှုတွေလဲပေးတယ် ဆိုတာကိုသိတယ်။

(၉)
အလုပ်လုပ်ချိန်မှာ အစဉ်လိုက်သိသင့်သောအရာ ၁ဝခု

(၁) အလုပ်အကိုင်
အရင်တန်ဖိုးထား၊ အသိအမှတ်ပြုပါ။ ပြီးမှ ရာထူးတိုးအောင်လုပ်ပါ။

(၂) ပြောဆိုဆက်ဆံရေး
တူညီမှုအရင်ရယူပါ။ ပြီးမှ ကွဲလွဲတာကို ဆွေးနွေးပါ။

(၃) အကောင်အထည်ဖော်မှု
ဖြစ်မြောက်အောင်အရင်လုပ်ပါ။ ပြီးမှ အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းပါ။

(၄) သင်ယူမှု
အရင်ဆုံးမှတ်သားပါ။ ပြီးမှ မှတ်ဉာဏ်ထဲထည့်ပါ။

(၅) ပြုလုပ်ဖန်ဆင်းမှု
အရင်ဆုံး အတုယူပါ။ ပြီးမှ ဆန်းသစ်တီထွင်ပါ။

(၆) စီးပွားရေးလုပ်ငန်း
အရင်ဆုံးဖြစ်ထွန်းအောင်ပျိုးထောင်ပါ။ ပြီးမှ အောင်မြင်မှုကိုရယူပါ။

(၇) ဖွံ့ဖြိုးတိုးတက်မှု
အရင်ဆုံး မတ်မတ်ရပ်နိုင်အောင်လုပ်ပါ။ ပြီးမှ မြင့်မားအောင်လုပ်ပါ။

(၈) လူလူချင်းဆက်ဆံရေး
လဲလှယ်ပြောဆိုပါ။ ပြီးမှ စိတ်အချင်းချင်း ဖလှယ်ပါ။

(၉) ကိုယ့်ကိုယ်ကို ကောင်းအောင်အရင်လုပ်ပါ။ ပြီးမှ တခြားလူကို တောင်းဆိုပါ။

(၁ဝ) စိတ်ခံစားချက်ကို အရင်ဖြေရှင်းပါ။ ပြီးမှ ကိစ္စရပ်ကို ဖြေရှင်းပါ။

Sunday, April 14, 2013

တကယ်အချစ်စစ်ဆိုတာ

အလုပ်များတဲ့ မနက်ခင်းတစ်ခု (၈)နာရီခွဲအချိန်လောက်မှာ အသက်(၈ဝ)ကျော် အဘိုးအိုတစ်ဦး ဆေးရုံကို အလောတကြီး ရောက်လာခဲ့တယ်။ အဘိုးအိုဟာ ချုပ်ရိုးဖြည်ဖို့ ရောက်လာတာဖြစ်တယ်။ ဆရာဝန်ခွဲခန်းဝင်နေလို့ အဘိုးအိုဟာ ဆရာဝန်ကို ထိုင်စောင့်ရင်း နာရီတကြည့်ကြည့် ဖြစ်နေခဲ့တယ်။ အဘိုးအိုအလျင်စလို ဖြစ်နေတာကိုကြည့်ပြီး ကျွန်မလည်း အလုပ်သိပ်မများတာနဲ့ အဘိုးအိုကိုချုပ်ရိုးဖြည်ပေးဖို့ ခေါ်လိုက်တယ်။ အနာပေါ်က ပတ်တီးကို တစ်ထပ်ချင်းဖြည်ချနေချိန် အဘိုးအိုကို ကျွန်မ မေးလိုက်မိတယ်။

"အဘိုး... အဘိုးကြည့်ရတာ အလျင်လိုနေတယ်။ ဘာဖြစ်လို့လဲ?"

"ဟုတ်တယ် သမီး... ၉နာရီမှာ အဘိုးလူတစ်ယောက်နဲ့ ချိန်းထားလို့ပါ"

အလုပ်လုပ်စရာမလိုတဲ့ အသက်(၈ဝ)ကျော် အဘိုးအိုတစ်ဦးဟာ ဘာအတွက်နဲ့ အလျင်လိုနေသလဲလို့ ကျွန်မ သိလိုစိတ်နဲ့မေးတော့ အဘိုးအိုက "ဟုတ်တယ်....မနက်(၉)နာရီမှာ လူအိုရုံအရောက်သွားပြီး အဘွားအိုနဲ့ မနက်စာအတူစားမလို့ပါ"

"အော်... အဘွားက လူအိုရုံရောက်နေတာလား?"

"သက်ကြီးရောဂါဖြစ်လို့ လူအိုရုံရောက်နေတာ တော်တော်ကြာသွားပါပြီ"

ကြိုးဖြည်ရင်း ကျွန်မနာရီကိုကြည့်လိုက်တယ် "အဘိုး နောက်ကျလိမ့်မယ် ထင်တယ်။ အဘွားစိတ်ပူမှာ စိုးရိမ်လား?"

"ရပါတယ်.... အဘိုးကို သူမမှတ်မိတာ ၅နှစ်လောက်ရှိပြီ။ အဘိုးရောက်တယ် မရောက်ဘူးဆိုတာ သူသိတောင် မသိတော့ဘူး"

"အဘိုးကို သူ မမှတ်မိတာ ငါးနှစ်လောက်ရှိပြီ! ဒါနဲ့များ အဘိုးက မနက်တိုင်း သွားသေးတယ်နော်" ကျွန်မ တအံတသြမေးတော့ အဘိုးအိုက ကျွန်မရဲ့လက်ကိုပုတ်ပြီး အပြုံးနဲ့ဖြေတယ်။

"အဘိုးကို သူ မသိပေမယ့် သူ့ကို အဘိုးသိတယ်လေ.. ဒါဆို လုံလောက်ပြီပေါ့"

ချုပ်ရိုးဖြည်ပြီး တဖြည်းဖြည်း လှည့်ထွက်သွားတဲ့ အဘိုးအိုရဲ့နောက်ကျောပုံရိပ်ကို ကြည့်ရင်း ကျွန်မ မျက်ရည်ဝဲမိတယ်။ ဒါကပဲ ကျွန်မလိုချင်တဲ့ အချစ်ဖြစ်မယ်ထင်ပါတယ်။

တကယ့်အချစ်ဆိုတာ ခန္ဓာတင်မက ရိုမန်တစ်ဆန်တဲ့ အပြောအဆိုတင် မကပါဘူး။ တကယ့်အချစ်ဆိုတာ လက်ခံတာဖြစ်တယ်။ အရင်က သူ့ကိုလက်ခံတယ်။ အခုလည်း သူ့ကိုလက်ခံတယ်။ နောင်လည်း သူ့ကို လက်ခံတာဖြစ်တယ်။
အရင်က သူဘာပဲဖြစ်ဖြစ် လက်ခံခဲ့တယ်။
အခုလည်း သူဘာပဲဖြစ်ဖြစ် လက်ခံတယ်။
နောင်လည်း သူဘာပဲဖြစ်နေဖြစ်နေ လက်ခံတယ်။
ဒါဟာ တကယ့်အချစ်ဖြစ်တယ်။ ပျော်ရွှင်တဲ့အချစ်ဖြစ်တယ်။ ပျော်ရွှင်တဲ့လူဟာ အကောင်းချည်းပဲ လိုခဲ့တာ မဟုတ်ပါဘူး.....

Thursday, April 11, 2013

"သစ္စာ ရှိတဲ့လူ"

စားသောက်ဆိုင်စားပွဲဝိုင်းတခုမှာ ယောက်ျားတယောက်နဲ့မိန်းကလေးတယောက် ထိုင်နေကြတယ်။
မိန်းကလေးက ဝိုင်ခွက်ကို လှုပ်ကစားရင်းနဲ့ စကားစပြောလိုက်တယ်။
"ကျွန်မ ရှင့်ကိုကြိုက်တယ်"
"ငါမှာမိန်းမရှိတယ်လေ"
ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ်။
"ကျွန်မ ဒါတွေဂရုမစိုက်ဘူး။ ရှင့်စိတ်ကိုပဲကျွန်မသိချင်တယ်။ ရှင် ကျွန်မကိုကြိုက်လား"
ဒီအဖြေကို ကြိုတွေးမိကြမှာပါ။ ယောကျာ်းက ခေါင်းမော့ပြီးကောင်မလေးကိုသေချာကြည့်လိုက်တယ်။
မိန်းကလေးက အသက် (၂၄)နှစ်။ ငယ်ရွယ်နုပျိုတယ်။ အရွယ်ကောင်းတဲ့အသက်အရွယ်ပါ။
အသားအရေဖြူစွတ်တယ်။ ဖျတ်လတ်သန်စွမ်းတယ်။ အရောင်တောက်ပြီးစွဲဆောင်မှုရှိတဲ့မျက်ဝန်းတစုံ
ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတယောက်ပါပဲ။ ဒါပေမဲ့
"တကယ်လို့ ရှင်လည်းကျွန်မက သဘောကျတယ်ဆိုရင် ကျွန်မရှင်နဲ့ချစ်သူဖြစ်ချင်တယ်"
စိတ်မရှည်တဲ့အဆုံးမှာကောင်မလေးက ဒီစကားကို ထပ်ပြောလိုက်တယ်။
"ငါ့မိန်းမကိုငါချစ်တယ်" ယောကျာ်းက ပြတ်ပြတ်သားသားဖြေလိုက်တယ်။
"ရှင် သူ့ ကိုချစ်တယ်? သူ့ ကိုဘယ်လိုချစ်တာလဲ? အခုလက်ရှိ သူ့အသက်အရွယ်က အိုနေပြီ အရင်လိုကြည့်မကောင်းတော့ဘူးမလား? အဲဒါကြောင့်ကုမ္ပဏီက ပါတီပွဲကို ရှင်တခါမှ မခေါ်လာရဲတာမလား ••••"
ကောင်မလေးက ဆက်ပြောသွားချင်တယ်။ ဒါပေမဲ့ ယောကျာ်းရဲ့ အေးစက်စက်အကြည့် တွေကြောင့် စကားကိုရပ်တန့် လိုက်တယ်။ နှစ်ယောက်စလုံး အနည်းငယ် နှုတ်ဆိတ်သွားကြတယ်။
"မင်း ငါ့ကို ဘာတွေသဘောကျတာလဲ" ယောကျာ်းကမေးလိုက်တယ်။
"ရင့်ကျက်တယ်။ တည်ငြိမ်တယ်။ အပြုအမူတွေက ယောကျာ်းပီသတယ်။ ဂရုစိုက်တတ်တယ်။ အများကြီးရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတွေ့ ခဲ့ဖူးတဲ့ ယောကျာ်းတွေ့နဲ့ မတူဘူး။ ရှင်ကထူးခြားတယ် "
 ယောက်ျားက ဆေးလိပ်မီးညှိရင်းမေးလိုက်တယ်။
"လွန်ခဲ့တဲ့ (၃)နှစ်တုန်းက ငါဘယ်လိုပုံစံလဲဆိုတာ မင်းသိလား? "
 "ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ကျွန်မဂရုမစိုက်ဘူး။ ရှင် ထောင်ကျဖူးလည်း အရေးမကြီးဘူး။" 
"လွန်ခဲ့တဲ့ (၃)နှစ်က ငါလည်း မင်းတွေ့ခဲ့ဖူးတဲ့ယောက်ျားတွေလိုပါပဲ"
ကောင်မလေးကို ဂရုမစိုက်ပဲ ယောကျာ်းကဆက်ပြောတယ်။
"သာမန် တက္ကသိုလ်ဘွဲ့ ရ။ အလုပ်လုပ်တာ အဆင်မပြေဘူး။ တနေကုန် အရက်တွေသောက် ဒေါသတွေခဏခဏထွက်။
ကိုယ့်ချစ်သူကိုလည်း ဂရုစိုက်ချင်မှစိုက်တယ် "

"ဒါဆို ဘယ်လိုပြောင်းလဲသွားတာလဲ" ကောင်မလေးစိတ်ဝင်စားသွားတယ်။
ဘယ်အရာက ဒီယောကျာ်းကိုပြောင်းလဲသွားစေတာလဲဆိုတာ သူသိချင်လာတယ်။

"သူကြောင့်လား?"
"အင်း"

"သူက အမြဲတမ်းကိစ္စတိုင်းကို အတွင်းကျကျ သိထားတဲ့အတိုင်းပဲ။ ငါ့ကိုအများကြီးသင်ပြပေးခဲ့တယ်။ အရှုံးအမြတ်ကိုသိပ်အလေးမထားဖို့။ မျက်စိရှေ့ က ပြသာနာကိုအရမ်းအလေးမထားဖို့ ။
လူတွေကိုကောင်းကောင်းဆက်ဆံတတ်ဖို့ ငါကိုသင်ပေးတယ်။
အဲဒီအချိန်တုန်းက ငါကသူရှေ့မှာဆို ဘာမှ နားမလည် မသိတတ်သေးတဲ့ကလေးတယောက်လိုပဲ။
ပြောရရင် အဲဒီအချိန်တုန်းကမင်းငါကိုမြင်သလိုမျိုးနဲ့ သိပ်မကွာဘူးလို့ ပြောရမယ်။
အဲတုန်းကတော်တော် ထူးဆန်းတာက စိတ်ဆတ် ခေါင်းမာတတ်တဲ့ငါက သူပြောတာပဲနားထောင်တယ်။
သူပြောတဲ့အတိုင်း အဖြစ်မှန်ကိုလက်ခံနိုင်ခဲ့တယ်။ ကိုယ့်ကိုကိုယ် အသုံးမကျတာသိတော့ အလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့တယ်။ အဲဒီ့နှစ် နှစ်ကုန်မှာ အလုပ်က နည်းနည်း အဆင်ပြေလာခဲ့တယ်။ ငါတို့လည်း လက်ထပ်လိုက်ကြတယ်"
ဆေးလိပ်ပြာချွေရင်း ယောကျာ်းကဆက်ပြောတယ်။
"အဲဒီအချိန်တုန်းက တော်တော် ဒုက္ခရောက်ခဲ့တာ။ နှစ်ယောက်ကို ကုတင်တစ်လုံးတည်းနဲ့အိပ်ခဲ့ရတယ်
အိမ်ကပစ္စည်းဆိုတာ နည်းလိုက်တာမှ သနားဖို့ တောင်ကောင်းတယ်။ ပြီးတော့မင်္ဂလာဆောင်ပြီး တစ်နှစ်ကြာမှ
ငါ သူ့ကို ပထမဆုံးစိန်လက်စွပ် (၁)ကွင်းဝယ်ပေးနိုင်တာ။ နှစ်ဝက်ကျော်လောက် ပိုက်ဆံစုလိုက်ရတယ်။
ဒါတောင် သူမသိအောင်ခိုးစုရတာ။ သူသိရင် ပေးဝယ်မှာ မဟုတ်ဘူး။ အဲ့တုန်းကလည်း ဆေးလိပ် အရက်ကြောင့်
ကျန်းမာရေးက ဆိုးလာသေးတယ်။ ဆောင်းတွင်းဖက်ကြီးမှာလည်း ညမအိပ်ပဲ ငါ့အတွက် သူစွပ်ပြုတ် လုပ်ပေးတယ်။ အဲဒီ့အရသာမျိုးကို သူပဲလုပ်တတ်မယ် ထင်တယ်"
ယောကျာ်းက အရင်ကအကြောင်းတွေကို ပြောရင်းအချိန်ကိုသတိမထားမိလိုက်ဘူး။ အတိတ်ကအကြောင်းတွေကိုမနားတမ်းပြောနေမိတယ်။
 မိန်းကလေးကလည်း စကားဖြတ်ချင်ပုံမရဘူး။ ပြောသမျှကို ငြိမ်နားထောင်နေတယ်။
ယောက်ျားက နာရီကို သတိထားမိတဲ့အချိန်မှာ ည(၁၀)နာရီထိုးနေပြီ။
 "ဟား•• တောင်းပန်ပါတယ်ဗျာ။ ဒီလောက်မိုးချုပ်သွားတာ သတိမထားမိလိုက်ဘူး"
ယောကျာ်းက အားနာနာနဲ့ ပြုံးလိုက်တယ်။

"အခုမင်းနားလည်နိုင်ပြီလား?။ သူ့ အပေါ်သစ္စာဖောက်တဲ့လုပ်ရပ်မျိုး ငါလုပ်ဖို့ မဖြစ်နိုင်ဘူး။ လုပ်မှာလည်းမဟုတ်ပါဘူး"
"သိပါပြီ။ ဒီလိုလူတယောက်ကိအရှုံးပေးလိုက်ရတာ ကျွန်မကျေနပ်ပါတယ်"
မိန်းကလေးက လက်လျှော့လိုက်တဲ့ပုံစံနဲ့ ခေါင်းခါရင်း ပြောလိုက်တယ်။
"ကျွန်မလည်း သူလို အရွယ်ရောက်ရင် သူ့ထက်ပိုသာမှာပါ"
 "အင်းပေါ့ အဲဒါဆို ဒီထက်ကောင်းတဲ့ ယောကျာ်းမျိုးရှာတွေ့ မှာပေါ့။ မဟုတ်ဘူးလား? အရမ်းမိုးချုပ်နေပြီ။ ငါလိုက်ပို့ပေးမယ်။" မိန်းကလေးကိုလိုက်ပို့ ပေးဖို့ သူထလိုက်တယ်။
"ရပါတယ် ကျွန်မဖာသာပြန်လိုက်ပါမယ်" ကောင်မလေးက လက်ဟန်ပြပြီးတော့
" ပြန်သွားတော့လေ သူစိတ်ပူနေလိမ့်မယ်" လို့ ဆက်ပြောလိုက်တယ်။
ယောကျာ်းက တချက်ပြုံးပြီး လှည့်ထွက်လာခဲ့တယ်။
 "သူကလှလား?"
"အင်းအရမ်းလှတယ်"
ညအမှောင်ထဲမှာ ယောကျာ်းရဲ့ အရိပ်အယောင်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။
မိန်းကလေးတယောက်တည်း စားပွဲဝိုင်းမှာ ကျန်ရစ်ခဲ့တယ်။
 ယောကျာ်းအိမ်ပြန်ရောက်တော့ တံခါးဖွင့်ပြီး အိပ်ခန်းဆီကို တန်းသွားလိုက်တယ်။ မီးဖွင့်လိုက်တယ်။
ကုတင်နားကို လျှောက်သွားပြီး ထိုင်လိုက်တယ်။
"မိန်းမရေ ဒါ(၄)ယောက်မြောက်ရှိပြီ။ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင်လုပ်ပေးခဲ့တာလဲ?
အခု ငါ့ကို ကြိုက်နေတဲ့သူတွေ အများကြီးရှိနေပြီ။ တော်ကြာငါစိတ်ပြောင်းသွားနိုင်တယ်နော်။ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင် လုပ်ပေးပြီးတော့ တစ်ယောက်တည်း အရင်ထွက်သွားရတာလဲ?
ငါ တစ်ယောက်တည်း ကျန်နေခဲ့တာ အရမ်း အထီးကျန်နေပြီကွာ"
သူ မျက်ရည်တွေကို မျိုသိပ်ရင်းပြောနေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မျက်ရည်တွေ မထိန်းနိုင်ပဲစီးကျလာတယ်။
တစက်ပြီး တစက် ပါးပြင်ပေါ်က စီးကျလာပြီး လက်ထဲမှာကိုင်ထားတဲ့ ဓာတ်ပုံဘောင်ပေါ် ကျသွားခဲ့တယ်။
အလင်းရောင်မပြည့် ဝတဲ့ မီးရောင်အောက်မှာ ဓာတ်ပုံထဲမှာဆုံးသွားတဲ့ အမျိုးသမီးရဲ့ကြင်နာမှုတွေ ပြန့်နှံ့နေခဲ့တယ်။

သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ

သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ

ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်.။ Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း
အဓိပ္ပါယ် မပျောက်ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။
"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။
အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။ ".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော် အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်..............."
ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောပိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.."
"သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ"လို့သူကပြောတယ်..။
ကျွန်တော်ကြောင်သွားတယ်...။ စိတ်ဝင်စားသွားပြီး သူ့ကို "ဘယ်လို သိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦး"လို့ မေးလိုက်တယ်..။
သူက "ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး" လို့ပြန်ပြောတယ်.။
ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်.။ ဆံပင်တွေ ရှုပ်ပွနေတယ်၊ အင်္ကျီအ၀တ်အစားတွေ စုတ်ပြတ်နေတယ်.။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေကြဘူး.။
သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ "လူတွေက သူတောင်းစားဆို ရွံကြတယ်ဗျ၊ ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော် တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။"
ကျွန်တော် ခေါင်းငြိမ့်ဝန်ခံလိုက်တယ်.။ အဟုတ်ကို ရွံစရာမကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။
" ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ ရွံစရာကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ လူဦးရေများတာတို့၊ မြို့ရဲ့ အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ"
"ကျွန်တော် အသေးစိတ်တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို လူဦးရေ သောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ.။ ဆင်းရဲတဲ့သူတွေများတယ်။ ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ တစ်ရက်ကို လူ၁ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်ဝင်နိုင်တယ်..။ ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်းတစ်နေ့တည်းနဲ့ လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော် ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential customers ဆိုတာပေါ့ဗျာ"
သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်.."ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက ၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့ ၅၀%ကတော့ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်.။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့ အချိန်မလောက်လို့"
"အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ" ကျွန်တော် မေးလိုက်မိတယ်..။
"အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ၀င်ငွေရှိတယ်.။ ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊ ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ လူအုပ်စု၂မျိုးလုံးကို အသက် ၂၀ကနေ ၃၀ကြားကို ထားတယ်.။ သိပ်အသက်ငယ်ရင်လည်း ၀င်ငွေသိပ်မရှိတတ်ကြဘူးလေ။ အသက်အရမ်းကြီးရင်လည်း အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး"
"အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ"ကျွန်တော် မေးလိုက်တယ်.။
"Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ၂၀၀လောက်တော့ ရတာပေါ့..။ စနေ၊ တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ"
"အဲလောက်တောင် များများ ရလား"
ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။"ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း ၁ရက်ကို ၈နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁နာရီကနေ ည ရနာရီထိ၊ စနေ၊တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တခါတောင်းတဲ့ ကြာချိန်က ၅မိနစ်ပေါ့။ လမ်းလျှောက်ပြီး ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကို ၁ယောက်၊ ၁ကျပ်နှုန်းနဲ့ရတယ်။ ၈နာရီဆိုတော့ ၄၈၀ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂ နဲ့ မြှောက်လိုက်ရင် ၊ ၃၀၀ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင် အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။ အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။"
ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။ ပြောတဲ့စကားတွေက ၀ါရင့် Marketing Supervisor လားကျနေတာပဲ..။
"ခင်ဗျား ဆက်ပြောပါ။" ကျွန်တော် ပိုစိတ်ဝင်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။
"တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ အမျိုးသားချောချော၁ယောက်နဲ့၊ ကောင်မလေး ချောချောလေး ၁ယောက်ရပ်နေရင် ဘယ်၁ယောက်ကို ခင်ဗျား တောင်းမလဲ။" ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။
"ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်.။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊ သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ သွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။"
"ခင်ဗျားကို နောက်ဥပမာ၁ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall ၁ခု ရှေ့မှာ ပစ္စည်းဝယ်ပြီးခါစ ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် ၁ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ၁တွဲရယ်၊ သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော် လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်.။ ပြီးတော့ ကောင်မလေးဆီကို သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊ ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ၀န်ထမ်းဆိုတော့ အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်းဝယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက် အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်.။"
ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေ ဖြစ်လာတယ်.။
"သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ်အားယားယား သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကို ကိုယ် ပညာနဲ့ တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။ ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတ်သုတ ရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။၂၁ရာစုမှ အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ"
"တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့ အခါ၁၀၀ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင် ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။ ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။"
"ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် ၁လကို ၈၀၀/တစ်ထောင် ရအောင် တောင်းနိုင်တယ်။ ကံကောင်းရင်တော့ ၂၀၀၀ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် ၁မြို့လုံး သူတောင်းစား အယောက်၁သိန်းမှာ ၁၀ယောက်လောက်ပဲ ၁လကို ၁သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ ၁၀ယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ၀င်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး အတက်အကျမရှိဘူး။"
မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။
"ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။ အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ ၀င်လို့ပျော်တာလို့ ပြောကြတာပေါ့။ ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့ စိတ်ရှိနေလို့ ၀င်ငွေများနေတာလို့။"
အပြောကောင်းချက်ဗျာ
"တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ရတယ်.။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံးဝမဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့ အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့ ကလေးကို ခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘ၀ အသက်ရှင်ရတာ အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ။ အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။ သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကို ကိုယ် ပြန်မြင်နေသလိုပေါ့"
"ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?" ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။ လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။
"ကျွန်တော်မိန်းမက အိမ်ရှင်မ တာဝန်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။ ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ၀ယ်ထားတယ်.။ ၁၀နှစ်ခွဲပေးရမယ်.။ နောက် ၆နှစ်ဆို ကြေပြီဗျ.။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေး ကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး ကျွန်တော့်ထက်သာတဲ့ သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်.။"
"လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ ၁လကို ၅၀၀၀နဲ့ပေါ့..။ အဲချိန်တုန်းက ၁သောင်းကျော်တန် Samsung Laptop ၁လုံးကို installment နဲ့ ၀ယ်ခဲ့တယ်။ ၁လကို ၂၀၀၀သွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။ ဒီလိုသာဆက်သွားရင်တော့ ၁သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူးလို့။ အဲဒါနဲ့ အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။ ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. "
သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက..."ကျွန်တော့်ကို တပည့်အဖြစ်လက်ခံနိုင်မလားဗျာ...."

Wednesday, April 3, 2013

ကိုယ်ပိုင်ဦးဆောင်မှု

တစ်ခါတုန်းက လမ်းဘေးဆိုင်လေးမှာ ဟော့ဒေါ့ရောင်းတဲ့လူတစ်ဦးရှိခဲ့တယ် ။ သူဟာ စာမတတ်တဲ့ အတွက်ကြောင့်ဘယ်တော့မှသတင်းစာတွေမဖတ်ဘူး ။ သူဟာ နားသိပ်မကြားတဲ့အတွက် ဘယ်တော့ မှ ရေဒီယိုနားမထောင်ဘူး ။ သူဟာ အမြင်အာရုံမွဲတဲ့အတွက်ကြောင့် ဘယ်တော့မှ ရုပ်မြင်သံကြား မကြည့်ဘူး ။ ဒါပေမယ့်သူ့ဝါသနာနဲ့စိတ်ထက်သန်မှုအရ သူဟာ ဟော့ဒေါ့တွေအများကြီးရောင်းရတယ် ။

သူ့ရဲ့အကျိုးအမြတ်နဲ့ ရောင်းအားဟာ တဖြည်းဖြည်းမြင့်တက်လာခဲ့တယ် ။ သူဟာ အသားတွေများ များပိုမှာတယ် ပြီါ်တော့ သူ့လုပ်ငန်းသူ ကြီးထွားအောင် ပိုကြီးပြီးပိုကောင်းတဲ့မီးဖိုတစ်ခုလည်း ၀ယ်ယူခဲ့ တယ် ။ သူ့လုပ်ငန်းဟာ အောင်မြင်လာတဲ့အတွက် သူ့သားဖြစ်သူ တက္ကသိုလ်ကျောင်းဆင်းဟာ သူနဲ့အလုပ် အတူတွဲလုပ်ဖို့ ရောက်လာခဲ့တယ် ။
အဲဒီမှာ ထူးထူးဆန်းဆန်းပါပဲ ။ သားဖြစ်သူကမေးတယ် ။ “ အဖေ ..ကျွန်တော်တို့ အခု စီးပွားရေး ကျဆင်းလာနိုင်တာ အဖေ သတိမပြုမိဘူးလား ”
ဖခင်ဖြစ်သူကပြန်ဖြေတယ် “ ဟင့်အင်း ဒါပေမယ့် ငါ့ကို အဲဒီအကြောင်းပြောပြပါဦး ” သားဖြစ်သူက ဆက်ပြောတယ် “ အခုအပြည်ပြည်ဆိုင်ရာအခြေအနေတွေက အရမ်းကြောက်ဖို့ကောင်းအောင် ဆိုးရွားနေ တယ် ပြည်တွင်းစီးပွားရေးအခြေအနေဆိုပိုတောင်ဆိုးသေးတယ် ကျွန်တော်တို့လာမယ့် ဆိုးရွားတဲ့အ ချိန်တွေအတွက်ကြိုတင်ပြင်ဆင်ထားသင့်တယ် ”
အဲဒီအချိန် ဟော့ဒေါ့ရောင်းတဲ့လူက စဉ်းစားတယ် ။ သူ့သားဟာ တက္ကသိုလ်ကျောင်းဆင်းလည်းဖြစ်တယ် သတင်းစာလည်း ဖတ်တယ် ရေဒီယိုလည်းနားထောင်တယ် ဒီတော့ သူအရာရာကို သိနိုင်တယ် သူ့အကြံဥာဏ်ကို အပြင်းအထန်လိုက်နာသင့်တယ် လို့တွေးလိုက်တယ် ။ ဒါကြောင့်နောက် တစ်နေ့မှာ ဖခင်ဖြစ်သူက အသားမှာတာကို ရပ်ဆိုင်းလိုက်ပြီး အော်ဒါတွေကိုလည်းဖယ်ဖျက်လိုက်တယ် ။ အလုပ်ကို လည်း အရင်လို စိတ်ဝင်တစားမလုပ်ခဲ့တော့ဘူး ။ သိပ်မကြာခင်မှာပဲ လူတွေဟာ နည်းသထက်နည်း လာခဲ့ပြီး သူ့ဟော့ဒေါ့ဆိုင်လေးဟာ မရောင်းရသလောက်ဖြစ်လာခဲ့တယ် ။ ရောင်းအားဟာ လျှင်မြန်စွာ ကျဆင်းလာခဲ့တယ် ။ ဖခင်ဖြစ်သူကသားဖြစ်သူကိုပြောတယ် ။
“ သား မင်းမှန်တယ် ငါတို့အခု အခြေအနေဆိုးတွေအလယ်ကိုရောက်နေပြီမင်းငါ့ကို အချိန်မီသတိပေးတာ ငါအရမ်း ၀မ်းသာတယ် ”
-----------------------------------------------------
အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ဟာ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ကောင်းမွန်သော ဦးဆောင်ခြင်းကို လွဲမှား ရှုပ်ထွေးစေလေ့ရှိကြတယ်
ဥာဏ်ရည်ဥာဏ်သွေးကောင်းတဲ့သူတစ်ယောက်မှာလည်း ခေါင်းဆောင်မှု ညံ့ဖျင်းခြင်းဆိုတာရှိနိုင်တယ် ။ ဥာဏ်ရည် ဥာဏ်သွေးကောင်းတိုင်း ဦးဆောင်နိုင်တယ်လို့ သင်မယုံကြည်ပါနဲ့ ။
သင့်ကို အကြံပေးသူတွေရဲ့ အကြံဥာဏ်တွေကို သေချာစွာ ရွေးချယ်ပါ ဒါပေမယ့် ဆုံးဖြတ်တဲ့အခါ သင့်ကိုယ် ပိုင် ဦးဆောင်မှုနဲ့သာဆုံးဖြတ်ပါ ။
အခြေအနေဆိုးတွေဆိုတာ သေသေချာချာပြန်စဉ်းစားကြည့်ရင်ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးခဲ့တာ ဖြစ်နေ တာများတယ် ။

တကယ်ချစ်ဖို့သာခက်တယ်

တကယ်ချစ်ဖို့သာခက်တယ်

တစ်ခါတုန်းက အရမ်းကိုဆင်းရဲ့တဲ့ လူတစ်ယောက်ဟာ ဇနီးဖြစ်သူနဲ့အတူ နေထိုင်ခဲ့တယ် ။ တစ်နေ့မှာ ဇနီးဖြစ်သူက သူ့ရဲ့ ရှည်လျားတဲ့ ဆံနွယ်တွေကို ဖြီးသင်ဖို့အတွက် ဘီးလေး တစ်ချောင်း လိုချင်တဲ့အကြောင်းပြောခဲ့တယ် ။ ယောင်္ကျားဖြစ်သူက ဘီးအသစ်တစ်ချောင်းမ၀ယ်ပေးနိုင်တဲ့အတွက် အလွန်ဝမ်းနည်းသွားပြီး မ၀ယ်ပေးနိုင်လို့ တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ် ။

သူက သူ့ရဲ့ကြိုးပျက်ဆီးနေတဲ့လက်ပတ်နာရီလေးကို ထုတ်ပြပြီး အဲဒီလက်ပတ်နာရီလေးပြင်ဖို့တောင် ငွေမရှိတဲ့အကြောင်းကို သေချာရှင်းပြခဲ့တယ် ။ အမျိုးသမီးဖြစ်သူက

ယောင်္ကျားဖြစ်သူကို ပြုံးပြီး နားလည်စွာ ကြည့်နေခဲ့တယ် ။ ပြီးတော့ယောင်္ကျားဖြစ်သူက အလုပ်ကိုသွားခဲ့တယ် အလုပ်သွားတဲ့လမ်းက နာရီ ဆိုင်တစ်ခုမှာ သူ့ရဲ့ ကြိုးပြတ်နာရီလေးကို ရတဲ့ဈေးနဲ့ရောင်းချခဲ့တယ် ။ ပြီးတော့ သူ့ဇနီးသည်အတွက် ဘီးလေးတစ်ချောင်းဝယ်လာခဲ့တယ် ။ သူဟာ လက်ထဲမှာ ဇနီးဖြစ်သူကို ပေးဖို့ ဘီးကလေးကိုင်ရင်း အိမ်ကိုပြန်လာခဲ့တယ် ။

အိမ်ရှေ့ရောက်တဲ့အခါ ဇနီးဖြစ်သူကိုကြည့်ပြီး သူဟာ အရမ်းကို တုန်လှုပ်အံ့သြသွားခဲ့ရတယ် ။ ဇနီးဖြစ်သူဟာ ဦးခေါင်းထက်က ဆံပင်အရှည်ကြီးကို တိုတိုလေးညှပ်ထားတဲ့အတွက်ဖြစ်တယ် ။ သူမဟာ ဆံပင်အရှည်ကြီးကိုဖြတ်ရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ယောင်္ကျားဖြစ်သူအတွက် လက်ပတ်နာရီကြိုးလှလှလေးတစ်ခုဝယ်ပေးထားခဲ့တယ် ။

နှစ်ဦးစလုံးရဲ့မျက်ဝန်းတွေကနေ မျက်ရည်တွေ စီးကျလာခဲ့ပါတယ် ။ သူတို့လုပ်ရပ်တွေအတွက် တစ်ဦးကိုတစ်ဦး ၀မ်းနည်းလို့မဟုတ်ပေမယ့် သူတို့တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ အချစ်တွေကို အချင်းချင်းနားလည်သွားလို့ဖြစ်ပါတယ်

--------------------------------------------------

ချစ်တယ်ဆိုတာက မခက်ခဲပါဘူး တကယ်ချစ်တတ်ဖို့ တကယ့်ကိုချစ်မိသွားဖို့ဆိုတာကတော့ စိတ်ထဲကနှစ်နှစ်ကာကာ ရင်ခုန်သံတွေနဲ့ သီဖွဲ့ထားဖို့လိုပါတယ် သင်ရော သူ့ကို တကယ်ချစ်ပါသလား . . . ဘယ်တော့ မှ သူမျက်ရည်ကျအောင်မလုပ်မိပါစေနဲ့ ဘယ်တော့မှ သူ့ကို အဝေးထွက်သွားခွင့်မပေးပါနဲ့ စစ်မှန်တဲ့ချစ်ခြင်းအားဖြင့် သူ့ကို နွေးထွေးစွာ ပွေ့ဖက်ထားလိုက်ပါ ။

ခါးကုန်းကြီးနှင့် ပေါင်မုန့်တစ်လုံး

ခါးကုန်းကြီးနှင့် ပေါင်မုန့်တစ်လုံး
 
တစ်ခါတုန်းက အမျိုးသမီးတစ်ဦးဟာ သူ့အိမ်မိသားစုဝင်တွေနဲ့ စားဖို့အတွက်ရယ် အရမ်းကို ဆာလောင်နေ တဲ့ ခရီးသွားတွေ စားဖို့ရယ် အတွက် ပေါင်မုန့်တွေ အမြဲဖုတ်နေခဲ့တယ် ။ အဲဒီအမျိုးသမီး ဟာ ပေါင်မုန့်အပို တစ်လုံးကို အမြဲ ပဲ ပြတင်းပေါက်တံခါးဘောင်မှာ တင်ထားခဲ့ပြီး မည်သူမဆို ဆာလောင်နေခဲ့ရင်အဝေးကို ယူသွားနိုင်အောင် စီစဉ်ထားခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ ကျောကုန်းမှာ ဘုကြီး တစ်လုံးရှိနေ တဲ့ခါး ကုန်းကြီးတစ်ယောက်က လာလာပြီး အဲဒီပေါင်မုန့် ကို အဝေးယူယူသွားလေ့ရှိတယ် ။ ကျေးဇူး တင်စကားတွေနဲ့ဖော်ပြရမယ့် အစားသူဟာ အောက်ပါစကားတွေကိုပဲ တတွတ် တွတ်ပြောနေလေ့ ရှိတယ် ။

“ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”

ဒီလိုနဲ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ ခါးကုန်းကြီးက ရောက် လာပြီး ပေါင်မုန့်ကို ယူသွားတယ်ပြီးတော့ လည်းအဲဒီစကားကို ထပ်ခါထပ်ခါညည်းတွားပြောဆိုနေခဲ့တယ် ။ “ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”
 

 အမျိုးသမီးဟာ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လာခဲ့တယ် ။ “ အတော် ယဉ်ကျေးမှုမရှိတဲ့လူ . .ကျေးဇူးတင်စကားတော့မဟုတ်လောက်ဘူး ” လို့ သူမကိုယ်ကိုယ်ညည်းတွားပြောဆိုလိုက်တယ် ။ “ နေ့တိုင်း ဒီခါးကုန်းကြီးဟာ ဒီစကားကို ပဲ ထပ်ခါထပ်ခါပြောနေတယ် သူဘာကိုဆိုလိုတာပါလိမ့် ”

ပြီးတော့ အမျိုးသမီးဟာ ဘာလုပ်တယ်ထင်ပါသလဲ ။ အမျိုးသမီးဟာ သူ့အတွက်ပြင်ဆင်ထားမယ့် ပေါင်မုန့် ထဲမှာ အဆိပ်တွေခပ်ထားခဲ့တယ် ပြီးတော့ ပြတင်းပေါက်ဘောင်ပေါ်မှာ တင်ထားခဲ့တယ် ။ သူ့လက်တွေ ကတော့ တုန်ယင်နေခဲ့ပါတယ် ။

“ ငါ ဘာတွေများလုပ်မိပါလိမ့် ” သူ့ဘာသာသူတွေးမိလိုက်တယ် ။

ရုတ်တရက်ချက်ခြင်းပဲ သူဟာ အဲဒီပေါင်မုန့်ကို ကောက်ယူပြီး မီးဖိုထဲ ပစ်ထည့်လိုက်တယ် ပြီးတော့ တခြားပေါင်မုန့်တစ်လုံးထပ်ဖုတ်ပြီး ပြတင်းပေါက်ဘောင်ပေါ်တင်ထားခဲ့တယ် ။

ထုံးစံအတိုင်းပါပဲ ခါးကုန်းကြီးရောက်လာပြန်တယ် ပြီးတော့ ပေါင်မုန့်ကို ယူလိုက်ပြီး ပြောနေကျ စကားတွေကိုပြောဆိုခဲ့တယ် ။ “ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”

ခါးကုန်းကြီးက သူ့ခရီးသူဆက်တယ် ။ အမျိုးသမီးရဲ့စိတ်ထဲမှာ ခုနက လတ်တလောဖြစ်ပျက်ခဲ့တဲ့ အပြုအမူ အဖြစ်အပျက်တွေကို သတိမမူမိပဲ ချမ်းမြေ့စွာ ရှေ့ဆက်သွားခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ အမျိုးသမီး ဟာ ပြတင်းဘောင်ပေါ်မှာ ပေါင်မုန့်ကို တင်ပေးထားခဲ့ပြီး အဝေးမှာ ရောက်နေတဲ့ သားဖြစ်သူ အတွက် ဘေးအန္တရာယ်ကင်းဖို့ ဆုတောင်းနေခဲ့တယ် ။ လပေါင်းများစွာကြာတဲ့အခါ သူဟာ သားဖြစ်သူ ရဲ့သတင်းကို မကြားရတော့ပဲ အဆက်အသွယ်ပြတ်သွားပါတော့တယ် ။ ဒါကြောင့် သားဖြစ် သူ ဘေးအန္တရာယ်ကင်းစွာပြန်လာနိုင်ဖို့အတွက်ဆုတောင်းနေခဲ့တယ် ။

ညနေခင်းတစ်ခုမှာတော့ အိမ်တံခါးကို လာခေါက်သံကြားလိုက်ရတယ် ။ ဒါကြောင့် အမျိုးသမီးက တံခါးကို ဖွင့်လိုက်တဲ့အခါ အရမ်းကို အံ့သြသွားခဲ့ရတယ် ။ သူဟာ သူ့သားကို တံခါးဝမှာ တွေ့လိုက်ရလို့ပဲဖြစ်ပါတယ် ။ သားဖြစ်သူဟာ အရွယ်ရောက်လာပြီး ပိန်ချုံးသွားပါတယ် ။ အ၀တ်အစားတွေက စုတ်ပြတ်နေပြီး တွန့်ကြေနေခဲ့တယ် ။ သားဖြစ်သူဟာ ဆာလောင်နေပုံရပြီး အားလည်းနည်းနေနေခဲ့တယ် ။

သားဖြစ်သူက အမျိုးသမီးကိုမြင်တဲ့အခါ ပြောတယ် “ အမေ ကျွန်တော်ဒီမှာရောက်နေတာ အရမ်းကို အံ့သြဖို့ကောင်းလှပါတယ် ကျွန်တော် ဒီနေရာရောက်ဖို့ တစ်မိုင်လောက်အလိုမှာ အရမ်းကို ဆာလောင်ပြီး မေ့လဲသွားခဲ့ရတယ် ကျွန်တော် သေမယ်လို့ ကိုယ့်ကိုယ်ကိုတွက်လိုက်တယ် ဒါပေမယ့် အဲဒီအချိန်မှာပဲ အသက်ကြီးကြီးခါးကုန်းကြီးတစ်ယောက်ရောက်လာခဲ့တယ် ။ ကျွန်တော်သူ့ဆီက အစာအနည်း ငယ်ကျွေးးဖို့ အသနားခံခဲ့တယ် သူက ကျွန်တော့်ကို ကြင်နာစွာနဲ့ ပေါင်မုန့်တစ်လုံးလုံးကျွေးခဲ့တယ်အမေ သူက ကျွန်တော့်အသက်ကိုကယ်လိုက်တာပါပဲ ” သူက ဆက်ပြောတယ် “ ကျွန်တော်နေ့တိုင်း ဒီကိုမလာခင်စားနေရတာတွေခါးကုန်းကြီးရဲ့စေတနာတွေပါပဲ ”

အဲဒီစကားကြားတဲ့အခါ အမျိုးသမီးရဲ့မျက်နှာဟာ ပန်းရောင်ပြောင်းပြီးနီရဲသွားတယ် ။ သူ အမှားအကြီးကြီး လုပ်မိမလို့ လက်တစ်ကမ်းပဲ လိုတော့တယ်မဟုတ်လား ။ ခါးကုန်းကြီးရဲ့စကားကိုအမြင်ကပ်လို့ တစ်မနက် မှာပေါင်မုန့်ထဲအဆိပ်တွေ ခပ်ဖို့ ကြံစည်ခဲ့ဖူးတယ် ။ နောက်မှ အမြင်မှန်ရပြီးပေါင်မုန့်ကို မီးဖိုထဲ ပစ်ထည့်လိုက်ခြင်းဟာ အခုတော့ သူ့ရဲ့ချစ်လှစွာသောသားဖြစ်သူရဲ့အသက်ကိုကယ်တင်လိုက်နိုင်ခြင်းဖြစ်တယ်လို့ အံ့သြတုန်လှုပ်စွာတွေးနေမိတယ် ။ အဲဒီနောက်မှာ အမျိုးသမီးဟာ ခါးကုန်းကြီးပြော တဲ့စကားအနက်အဓိပ္ပါယ်ကိုနားလည်လာခဲ့တယ်

“ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”

------------------------------------------------

သိပ်မှန်တဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ ။ လူတွေဟာ သူတပါးကို မကောင်းကြံစည်ကြမယ် ကုန်းချောကြမယ် တိုက်ခိုက်ကြမယ် အနိုင်ယူကြမယ် စတဲ့ လောဘ ဒေါသ မောဟတွေ နဲ့ပူကျွမ်းလောင်မြိုက်နေလေ့ရှိကြတယ် ။ တကယ်တော့ ကိုယ်သွားလေရာကိုယ့်အရိပ်ကလိုက်ပါနေသလို ကိုယ်လုပ်နေသမျှ အလုပ်တွေရဲ့ အကျိုးအပစ်တွေကို တာဝန်ယူ ရမှာ ကိုယ်ကိုယ်တိုင်ပဲဖြစ်တယ် ။ သင်သာ သူတပါးကိုမကောင်းကြံစည်ရင် အဲဒီ ဒဏ်ကို သင် ဟာ မလွဲမသေ ပြန်ခံစားရမှာပါပဲ ။ ဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်း ကိုယ်ချင်းစာတရားလက်ကိုင်ထားလို့ စာနာနားလည်ခွင့်လွှတ်နိုင်ကြရင် လူသားအချင်းချင်း မနာလို မုန်းတီး စိတ်တွေမထားကြဘူးဆိုရင်တော့ ကမ္ဘာလောကကြီးဟာ သာယာချမ်းမြေ့နေမှာ အမှန်ပါပဲ ။

မိသားစုဆိုတာ

မိသားစုဆိုတာ

- ရန်ပွဲတွေ နေ့စဉ်ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ဒါပေမယ့် အိမ်အတွင်းမှာ နေသမျှ လုံခြုံမှုရှိတယ်

- စီးပွားရေးတွေပြေလည်ချင်မှပြေလည်လိမ့်မယ် တစ်ယောက်တစ်လုပ်စီ ဝေမျှစားခြင်းက နွေးထွေးခြင်းကိုဖြစ်စေတယ်

- ဘယ်လောက်ပဲ အတွင်းမှာ မတည့်ကြပေမယ့် အပြင်လူနဲ့ ရန်ဖြစ်တဲ့အခါ မိသားစုဆိုတဲ့ သွေးက ပေါ်လာတတ်တယ်

- ၅၂၈ အေးမြတဲ့ မေတ္တာတွေ ဖွဲ့စည်းတည်ဆောက်ထားတဲ့ စမ်းချောင်းလေးတစ်ခု အိုအေစစ်လေးတစ်ခုဖြစ်တယ်

- တခါတခါ မုန်တိုင်းတိုက်နိုင်တယ် တခါတခါ လေပြင်းတွေကျနိုင်တယ် ဒါပေမယ့် ရင်သွေးတွေကို ဘာမှ မထိခိုက်အောင်ကာကွယ်စောင့်ရှောက်ပေးချင်တာ မိသားစုစိတ်ဓါတ်ပဲ

- မိစုံဖစုံရှိတဲ့ မိသားစု တွေစည်းလုံးပျော်ရွှင်ကြရသလို မိစုံဖစုံမရှိတဲ့ မိသားစုတွေ လည်းဝမ်းနည်းစိတ်ပျက်နေကြပါနဲ့ အနည်းဆုံးတော့ မိသားစု တော်ခွင့်ရှိနေကြသေးတယ် မိသားစု ရှိနေကြသေးတယ်

- အိမ်ကြီးအိမ်ကောင်းနဲ့နေရတာ ဖြစ်ချင်မှဖြစ်လိမ့်မယ် ဒါပေမယ့် အဲဒီတဲစုတ်လေးကလည်း နွေးထွေးလုံခြုံမှုကိုပေးစေတတ်တယ်

- အစားကောင်းအသောက်ကောင်းတွေ စားချင်မှစားရလိမ့်မယ် ဒါပေယ့် အဲဒီသုံးဦးစပ်ငါးပိရည်ကျိုနဲ့ ဘဲဥချဉ်ရည်ဟင်းက မိဘမေတ္တာကိုဖော်ပြနေလိမ့်မယ်

သင်ရော -- မိသားစုထဲက တစ်ယောက်လား

ဒါဆို သင့်မိသားစု ကို အခုပဲ နွေးထွေးစွာ ချစ်ခင်ယုယလိုက်ပါ ကြင်နာစောင့်ရှောက်လိုက်ပါ ဆုံးရှုံးသွားတဲ့အရာတွေဟာ ဘယ်တော့မှ ပြန်ရလေ့မရှိဘူး ။

ဘယ်တော့မှ စကားတစ်ခွန်းကို Copy and Paste မလုပ်မိစေနဲ့

“ ကျွန်တော့်ဘ၀ရဲ့အကောင်းဆုံးအချိန်တွေကတော့ ကျွန်တော့်ဇနီးမဟုတ်တဲ့ အမျိုးသမီးတစ်ယောက် ရဲ့လက်မောင်းပေါ် မှာ အိပ်စက်ခဲ့ရတဲ့အချိန်တွေပါပဲ ။

နားထောင်တဲ့သူတွေ အကုန်လုံးတိတ်ဆိတ်ပြီး လန့်သွားကြတယ် ။ ဟောပြောသူကဆက်ပြောတယ် “ အဲဒီအမျိုး သမီးကတော့ ကျွန်တော့် အမေပါပဲ ”

နားထောင်သူတွေက အားလုံးရယ်မောကြပြီးလက်ခုပ်တွေတီးကြတယ် ။

တစ်ပတ်လောက်ကြာပြီးတဲ့အခါ ဒီဟောပြောသူ ရဲ့ ပွဲတွေတက်ထားတဲ့ ထိပ်တန်းမန်နေဂျာတစ်ယောက် အိမ်မှာ ဒီဟာကို ပြောပြဖို့ကြိုးစားတယ် ။ ညနေစာ စားဖို့ စားပွဲဝိုင်းမှာထိုင်ပြီး အရင်ဆုံးသူရေ တစ်ခွက်သောက် လိုက်တယ် ။ ပြီးတော့ မီးဖိုချောင်ထဲမှာ စားစရာပြင်ဆင်နေတဲ့ ဇနီးဖြစ်သူကိုလှမ်းပြောလိုက်တယ် ။

“ မိန်းမရေ ငါ့ဘ၀ရဲ့အကောင်းဆုံးအချိန်တွေကတော့ ကျွန်တော့်ဇနီးမဟုတ်တဲ့ အမျိုးသမီးတစ်ယောက် ရဲ့လက်မောင်းပေါ် မှာ အိပ်စက်ခဲ့ရတဲ့အချိန်တွေပါပဲ ”

ဇနီးဖြစ်သူက အဲဒီစကားကိုကြားကြားရင် အံ့သြတုန်လှုပ်ပြီး ဒေါသတကြီး ထမင်းစားပွဲဆီလျှောက်လာတယ် ။ အဲဒီအချိန် မှာပဲ ဒီထိပ်တန်းမန်နေဂျာကြီးဟာ နောက်ဆက်ပြောရမယ့် စကားကိုမေ့သွားပြီး အိုးတိုးအ တဖြစ်သွား တယ် ။ ပြီးတော့ သူဆက်ပြောလိုက်တယ်က

“ အဲအဲ...အဲဒီအမျိုးသမီးကို ငါမမှတ်မိတော့ဘူး ”

ပြီးတော့ -- ထိပ်တန်းမန်နေဂျာကြီး အဲဒီအမျိုးသမီးကို မှတ်မိတဲ့အချိန်ကျတော့ သူ ဆေးရုံကိုရောက်နေပါပြီ ။ နာ့စ် တစ်ယောက်က သူ့မျက်နှာပေါ်က ရေနွေးနဲ့အပက်ခံရတဲ့ ဒါဏ်ရာတွေကို ဆေးထည့်ပေးနေတယ်လေ ။

@@@@@@@@@@@@@@@@@@@@@@@@

မှတ်ချက် ။ ။ ဘယ်တော့မှ စကားတစ်ခွန်းကို Copy and Paste မလုပ်မိစေနဲ့ ။ ပြောနေရင်းမေ့ သွားတဲ့အခါ ပြဿနာတက်တက်တယ် ။

သစ်ခုတ်သမားနှင့်ပုဆိန်

တစ်ခါတုန်းက သစ်ခုတ်သမားတစ်ဦးဟာ ကုန်သည်သူဌေးကြီးတစ်ဦးဆီမှာ အလုပ်ရဖို့အတွက် အကူအညီ သွားတောင်း တယ် ။ သစ်ခုတ်တဲ့အလုပ်ကိုသူရသွားပါတယ် ။ သူ့လုပ်ခ လစာကလည်းအရမ်းကောင်းတဲ့အတွက် သူ့အ တွက် အခြေအနေအားလုံးဟာ ကောင်းနေပါတယ် ။ ဒါကြောင့် သစ်ခုတ်သမားဟာသူအစွမ်းကုန် သူ့အလုပ် ကိုလုပ်ဖို့ဆုံးဖြတ်လိုက်တယ် ။

သူ့ သူဌေးက သူ့ကို ပုဆိန်တစ်လက်ကိုပေးပြီး ခုတ်ရမယ့်နေရာတွေကိုလိုက်ပြတယ် ။ ပထမရက်မှာတော့ သစ်ခုတ် သမားဟာ အပင် ၁၅ ပင်ကိုခုတ်နိုင်ပါတယ် ။ “ ဂုဏ်ယူပါတယ် ” လို့ သူဌေးကပြောတယ် “ အလုပ်ကို ကြိုး စားပြီးလုပ်ပါ ”

သူ့သူဌေးရဲ့အားပေးစကားကြောင့် သူအားတတ်သွားပြီးနောက်ရက်မှာလည်း အလုပ်ကို ဒီထက်ပိုကြိုးစားတယ် ။ ဒါပေမယ့်နောက်ရက်မှာ သူဟာ ၁၀ ပင်ပဲခုတ်နိုင်ခဲ့တယ် ။ တတိယရက်မှာလည်းသူဟာပိုပြီး ကြိုးစားခုတ်ခဲ့တယ် ။ ဒါပေမယ့် ၇ ပင်ပဲခုတ်နိုင်ခဲ့တယ် ။ နေ့ရက်တွေကြာလာတာနဲ့အမျှ သူဟာ အပင်တွေကိုလျော့လျော့ပြီးပဲ ခုတ်နိုင် ခဲ့တယ် ။

“ ငါ့စွမ်းအားတွေကျဆင်းနေပြီ ” လို့ သစ်ခုတ်သမားကတွေးထင်လိုက်တယ် ။ ဒါနဲ့သူဟာ သူ့သူဌေးဆီကိုသွားပြီး သူ ဘာကြောင့် ဒီလို အပင်တွေ ကိုကြိုးစားခုတ်ပေမယ့်လည်းလျော့ပြီးပဲ ခုတ်နိုင်ရသလဲ ဆိုတာ နားမလည် တဲ့အကြောင်းမေးမြန်းခဲ့တယ် ။

“ သင်ဟာ ဘယ်အချိန်တုန်းက သင့်ပုဆိန်ကိုသွေးခဲ့သလဲ ” လို့ သူဌေးကမေးတယ် ။ “ သွေးရမယ် ဟုတ်လား ကျွန်တော် ဟာ အပင်တွေကို ခုတ်ဖို့အလုပ်များနေတဲ့အတွက် ပုဆိန်ကိုသွေးဖို့ အချိန်မရှိခဲ့ပါဘူး ” လို့ သစ် ခုတ်သ မားက ပြန်ဖြေရှင်း သူ့လိုအပ်ချက်ကို သူ ရှင်းရှင်းလင်းလင်းသိသွားခဲ့တယ် ။

smtsmtsmt
smtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmt

 
ကျွန်တော်တို့အများစုဟာ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်တတ်မြောက်မှု Skills တွေကို ဘယ်တော့မှ Update မလုပ်မိကြ ဘူး ။ ကျွန်တော်တို့ သင်ယူခဲ့တာ သင်ယူနေတာ တတ်ထားတာလေးတွေဟာ ဘ၀အ တွက်ပြည့်စုံ လုံလောက်နေပြီလို့ပဲ ထင်နေမိတတ်ကြတယ် ။ Good ဆိုတဲ့စကားလုံးနဲ့မလုံလောက်သေးပါဘူး Better ဆိုတဲ့စကားလုံးရအောင်ကြိုးစားရဦးမှာပါ ။ ကိုယ်တတ်မြောက်ထားတဲ့အရည်အသွေးတွေကို ထက်မြနေအောင် အချိန်တိုင်းသွေးထားမှသာ ကျွန်တော်တို့လိုချင်တဲ့ Success ဆိုတဲ့ အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ် ။

ငါးဖမ်းသမားနဲ့ စိန်တုံး

တစ်နေ့မှာပေါ့ ငါးဖမ်းသမားတစ်ဦးဟာ မနက်အစောကြီး နိုးလာတယ်တဲ့ ။ သူထတဲ့အချိန်က စောလွန်းလို့ ပင်လယ်ထဲသွားဖို့ လုံလောက်တဲ့ အလင်းရောင်မရသေးပါဘူး ။ ဒါနဲ့ သူလည်း ကျောက်ခဲတုံးတွေကို တွေ့တော့ သူနေထွက်ချိန်ကို စောင့်ဖို့ အချိန်ဖြုန်းဖို့ အကြံရသွားပါတယ် ။ ဒါနဲ့ သူလည်း ပင်လယ်ထဲကို ကျောက်တုံး လေး တွေကို စတင်ပြီး ပစ်ချပါတယ် ။ သူ့လက်ထဲက နောက်ဆုံးကျောက်တုံး ပဲ ကျန်တော့တဲ့အချိန်မှာ နေအ လင်း ရောင်က ထွက်ရှိလာပါပြီ ။ အဲဒီအခါ သူမြင်လိုက်ရတာက အဲဒီကျောက်တုံးဟာ အလွန်အဖိုးတန်တဲ့ စိန်တုံး ဖြစ်နေတာပါပဲ ။ ပြီးတော့ သူခုနက ပင်လယ်ထဲကို ပစ်ချနေတဲ့ ကျောက်တုံးတွေအားလုံးဟာ စိန်တုံး တွေဖြစ် နေတာကို သူတွေးတောမိသွားသတဲ့ ။ ဒီအခါ သူဟာ အရမ်းကို နောင်တရသွားပြီး သူ့ရဲ့ မစူးစမ်း မဆင်ခြင်ပဲ လုပ်လိုက်တဲ့အတွက် စိန်တုံးတွေဟာ ပင်လယ်ပြင်ထဲကို ရောက်ရှိသွားပါတော့တယ် ။

ပုံပြင်လေးရဲ့ အနှစ်သာရကတော့

" ဘယ်အရာကို မစူးစမ်းမဆင်ခြင်ပဲ တဇွတ်ထိုး မပြုလုပ်သင့်ပါဘူး ။ သင် အဖိုး မတန်ဘူးလို့ ထင်နေ တဲ့အရာ ဟာ သင်ရှင်းရှင်းလင်းလင်း သိမြင်လာတဲ့အခါ အလွန်အဖိုးတန်တာကို တွေ့ရ ပါ လိမ့်မယ် "

လူသားဆန်မှု ( Humanity ) ပုံပြင်လေးတစ်ပုဒ်

တခါတုန်းက ဆရာဝန်တစ်ယောက်ဟာ အရေးပေါ် ခွဲခန်းကနေ အရေးပေါ်ခေါ်ယူခြင်းခံရတဲ့အတွက် ဆေးရုံကို ချက်ချင်းရောက် လာခဲ့တယ် ။ သူဟာ ဖုန်းကို အမြန်ပြောပြီး အ၀တ်အစားလဲ ပြီးနောက် ခွဲစိတ်ဆောင်ထဲကို အလျှင် အမြန်ဝင်သွားခဲ့တယ် ။ နံရံကိုမှီပြီးဆရာဝန်အလာကို စောင့်နေရတယ်လို့ထင်ရတဲ့ လူနာရဲ့ဖခင် ကို တွေ့ လိုက်ရတယ် ။ ဆရာဝန်ကို မြင်တဲ့အခါ လူနာဖခင်က ပြောဆိုခဲ့တယ် ။ ` ဘာကြောင့် အခုလို အချိန်အကြာကြီးမှ လာရသလဲ ဆရာ . . ကျွန်တော့်သား ဘ၀ဟာ အန္တရာယ်နဲ့ကြုံနေရပြီဆိုတာ ခင်ဗျားမသိဘူးလားဗျာ ဒီအတွက် ခင်ဗျားမှာ တာဝန်ရှိတယ်လို့ မထင်မိဘူးလား ´

ဆရာဝန်ကပြုံးပြီးပြောခဲ့တယ် ။ `စိတ်မကောင်းပါဘူးဗျာ ကျနော် အမြန်ဆုံးလာခဲ့ပါတယ် ဆေးရုံက ဖုန်းဆက် ဆက်ခြင်းကျနော် က ဆေးရုံမှာမရှိနေခဲ့ပါဘူး ဖုန်းဝင်လာလာခြင်းအမြန်လာခဲ့ပါတယ် ဒါကြောင့်အခုချိန်မှာ စိတ်အေးအေးထားပါ ဒါမှကျနော်အေးအေးအလုပ်လုပ်နိုင်မှာမို့ပါ ´

` ဘာ . . စိတ်အေးအေးနေရမလား ခင်ဗျားရဲ့သားသာ အခုလို အခန်းထဲမှာ ရှိနေရရင်ခင်ဗျားဘယ်လိုနေမလဲ ခင်ဗျားရောစိတ်အေးအေးထားနိုင်မလား ? အခုချိန်ခင်ဗျားသားသေသွားခဲ့ရင် ခင်ဗျားဘယ်လိုလုပ်မလဲပြော ´ လူနာရဲ့ဖခင်က ဒေါသတကြီးပြန်ပြောခဲ့တယ် ။

ဆရာဝန်က ထပ်ပြီးပြုံးလိုက်ပြီးပြန်ပြောတယ် ။ `ဒီလိုရှိတယ်ဗျ အလုပ်အကိုင်နဲ့ပတ်သတ်လို့ Holy Book မှာ ဒီလိုရေးထားတယ် . . ကျွန်တော်တို့အားလုံးဟာ မြေမှုန်တွေကနေလာကြရတယ် ပြီးနောက် မြေမှုန်တွေ အဖြစ်ပြန်သွားကြရတယ် ဘုရားသခင်ရဲ့ ဂရုဏာတော်နဲ့ ကောင်းချီးပေးတော်မူပါလိမ့်မယ် ´ တဲ့ ဆရာ ၀န်တွေ လည်း သက်တမ်းအကြာကြီးနေရတာမဟုတ်ပါဘူး ခင်ဗျားရဲ့သားကို အကောင်းဆုံး ဆုတောင်းပေး ပါ ဘုရား သခင်ရဲ့ ဂရုဏာတော်အတိုင်း ကျွန်တော်တို့အကောင်းဆုံးကြိုးစားကြပါမှာ ´

`တစ်ခုခုဟာ မလွယ်ကူတော့ဘူးဆိုရင် ဒီလိုပဲ ပြောကြတာပါပဲ ´ လို့ လူနာအဖေက စိတ်မသက်မသာနဲ့ ညည်းတွားပြောဆိုခဲ့တယ် ။ ဒီလိုနဲ့ ခွဲစိတ်မှုဟာ နာရီပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက် ဆရာဝန်က ပျော်ရွှင်စွာ ခွဲစိတ်ခန်းထဲကနေ ထွက်လာခဲ့တယ် ။ ` ဘုရားသခင်ကိုကျေးဇူးတင်ပါ ခင်ဗျားသားရဲ့ အသက်ကို ကျွန်တော် တို့ကယ်လိုက်နိုင်ပါပြီ ´ အဲဒီလို ပြောပြီး ဆရာဝန်က လူနာဖခင်ရဲ့ ပြန်ပြောတာကိုတောင်မစောင့်နိုင်တော့ပဲ သူ့လမ်း အတိုင်းအပြေးထွက်သွားခဲ့တယ် ။ ` ခင်ဗျားမှာ မေးစရာရှိရင် နာ့စ်ကိုသာမေးပေတော့ဗျို့ ´ လို့ ပြေး ရင်းနဲ့ပြောသွားခဲ့တယ် ။

` ဘာကြောင့် သူ ဒီလောက်အလျှင်လိုနေရတာလဲ ငါ့သားအကြောင်း ကို မေးဖို့ မိနစ်အနည်းငယ်ကိုတောင် သူ မစောင့်နိုင်ပါလား ´ လို့ ဆရာဝန်ထွက်သွားလို့ မိနစ်အနည်းငယ်မှာ နာ့စ်ရောက်လာတဲ့အခါ သူက နာ့စ်ကို ပြောဆိုခဲ့တယ် ။ အဲဒီအခါ နာ့စ်က မျက်ရည်တွေကျရင်းနဲ့ လူနာရဲ့ဖခင်ကို ယခုလိုပြန် လည်ပြောဆိုခဲ့တယ် ။

`မနေ့က ဆရာသားဟာ ကားတိုက်မှုဖြစ်လို့ သေဆုံးသွားခဲ့ရပါတယ် ရှင့်သားရဲ့ခွဲစိတ်မှုအတွက် ဆရာ့ ကို ခေါ်တုန်းက ဆရာက သူ့သားနာရေးအတွက် သုဿန်မှာရှိနေခဲ့ပါတယ် အခု သူက ရှင့်သားအသက်ကို ကယ်ပေးခဲ့ပါပြီ အခု သူ့သား အလောင်းမြေကျဖို့အတွက် သူ သုဿန်ကိုပြေးသွားရခြင်းဖြစ်ပါတယ် ´

လူ့ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားဆိုတာမှာ မည်သူတစ်ဦးတစ်ယောက်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဥပဒေသရယ်လို့မရှိပါဘူး ။ ခင်ဗျားဟာ သူတို့ရဲ့ ဘ၀မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာနဲ့ ဘာကြောင့် ပြေးလွှားနေရသလဲဆိုတာ သိနိုင်မှာမဟုတ်ပါဘူး ။ ဒီအရာကို လူသားဆန်မှုလို့ ခေါ်ပါတယ် ။ ဒါကြောင့် ကိုယ့်ဘ၀ချည်းပဲ အဆိုးတွေကြုံနေရတယ်လို့ မတွေးပါနဲ့ လူတိုင်းမှာ လည်း သူတို့ဒုက္ခနဲ့ သူတို့ရှိကြပါတယ် ။ ကိုယ့်ဒုက္ခအတွက် သူများကို အပစ်တင်မစောပါစေနဲ့ သူတို့မှာလည်း သူတို့ အကြောင်းနဲ့သူတို့ ရှိပါလိမ့်မယ် ။ ကျွန်တော်တို့အားလုံးမှာ စာနာနားလည်နိုင် မှုနဲ့ တွေးတော ဆင်ခြင် တတ်ခြင်းတွေသာရှိနေရင် ကမ္ဘာမြေကြီးက ပိုပြီး လှပလာမှာအမှန်ပါပဲ ။

လယ်သမားနဲ့မြည်းပုံပြင်

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ မြည်းတစ်ကောင်ဟာ ရေတွင်းတစ်ခုထဲ ပြုတ်ကျသွားခဲ့တယ် ။ မြည်းဟာ သနား စ ဖွယ်ကောင်းလောက်အောင် နာရီပေါင်းများစွာ အော်ဟစ်ငိုကြွေးနေခဲ့တယ် ။ လယ်သမားဟာ မြည်း ရဲ့အော်သံကိုကြားရပြီးတော့ သူဘာလုပ်ရင်ကောင်းမလဲလို့စဉ်းစားတယ် ။

ဒါနဲ့ပဲ မြည်းဟာလည်းအသက်ကြီးပါပြီ ဒီရေတွင်းကိုလည်း ဖို့ပစ်ဖို့ သင့်ပါပြီလေ ဒီမြည်းအိုကိုလည်း ရေတွင်းထဲက ဘယ်လိုမှ ဆယ်ယူလို့မဖြစ်နိုင်တော့ပါဘူးဆိုပြီး စဉ်းစားတယ် ။ ဒီလိုနဲ့ လယ်သမားဟာ အိမ်နီးနား ချင်းတွေ ကိုခေါ်ပြီး သူ့ကို ကူဖို့ပြောတယ် ။ သူတို့အားလုံးဟာ တူရွင်းငန်းပြားတွေယူပြီး မြေကြီးတွေတူးလို့ ရေတွင်းကို စတင်ပြီးဖို့ကြပါတယ် ။

ပထမမှာတော့ မြည်းဟာ သူဘာဖြစ်တော့မယ်ဆိုတာသိပြီး ကြောက်လန့် ထိတ်ရွံ့စွာ ငိုကြွေးပါတယ် ။ အဲဒီနောက် မှာတော့ လူတွေရဲ့ အံ့သြဖွယ်ရာ (သူ့ကို မြေမြှုပ်တဲ့လုပ်ရပ်) ရဲ့အောက်မှာ သူ့အသံဟာ ဖုံးလွှမ်း သွားခဲ့ရတယ် ။

မြေကြီးအနည်းငယ်ဖို့ပြီးတဲ့အခါမှာ လယ်သမားဟာ ရေတွင်းထဲကိုငုံ့ကြည့်လိုက်တယ် ။ သူ မြင်လိုက် ရတာ ကိုကြည့်ပြီး လယ်သမားဟာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ် ။ မြေကြီးတွေ ရေတွင်းထဲ ဖို့ဖို့ ပစ်ချ လိုက်တဲ့အခါတိုင်း မြည်းဟာ သူ့ကျောပေါ်တင်လာတဲ့ မြေကြီးတွေကိုခါထုတ်ပြီး အဲဒီမြေကြီးတွေပေါ်ကို နင်းလို့ အပေါ်ကို တက်တက်လာတာကိုတွေ့လိုက်ရလို့ဖြစ်ပါတယ် ။ လယ်သမားဟာ တုန်လှုပ်သွားပြီးမြေကြီးတွေကို ဆက် ဖို့စေခဲ့တယ် ။

လူတိုင်းလူတိုင်းဟာ ကျောပေါ်တင်လာတဲ့မြေကြီးတွေကို ခါထုတ်ပြီး အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့ မြည်းရဲ့လုပ်ရပ်ကို အံ့သြတုန်လှုပ်နေခဲ့ရပါတယ် ။ ဒီလိုနဲ့နောက်ဆုံးမှာ မြည်းဟာ သူ့ကျောပေါ်ရောက်လာတဲ့ မြေကြီးတွေကို ခါထုတ် အဲဒီမြေကြီးတွေအပေါ် နင်းလို့ တွင်းနှုတ်ခမ်းဝကနေ အပြင်ကို အောင်အောင်မြင်မြင်နဲ့ရောက်ရှိသွားပါတယ် ။

#####################################

ဘ၀ကို ဖြတ်သန်းတဲ့အခါ မြေကြီးလိုမျိုး ဒုက္ခ တွေ အခက်အခဲတွေ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေ လောကဓံတွေ ကိုယ့်ကျောပေါ်မှာ ခါးဆီးခံရတာ အမှန်တရားပါပဲ ။ ကျွန်တော်တို့လုပ်ဖို့က ကိုယ့်ကျောပေါ် တင် လာ တဲ့ လော ကဓံနဲ့ ဒုက္ခတွေကို ခါချပစ်လိုက်ဖို့ပဲ ။ ဒုက္ခတစ်ခုချင်းဆီကို ဖြတ်နင်းပြီး အောင်မြင်မှု တွင်းနှုတ် ခမ်းဝဆီကို လှမ်းတက်နိုင်ဖို့ပဲလိုတယ် ။ ဘယ်လောက်ကြီးပဲ ဆိုးရွားတဲ့ ဒုက္ခတွေ ဖြစ်ပါစေ လက်လျော့လိုက်ဖို့ ဘ၀ ကို ရပ်တန့်လိုက်ဖို့ မဆုံးဖြတ်ပါနဲ့ ။ အရာရာတိုင်းမှာ ထွက်ပေါက်ဆိုတာ ရှိပါတယ် ။ ဘယ်တော့မှ အရှုံး မပေးပါနဲ့ ။ အရာအားလုံးကို ကိုယ့်ကျောပေါ်ကနေ ခါထုတ်လိုက်ပြီးတဆင့်ချင်းစီ လှမ်းတက်သွားလိုက်ပါ ။

အသိပညာ ရဲ့ တန်ဖိုး

တခါတုန်းက အလွန်ကြီးမားတဲ့ သဘောင်္ကြီးတစ်စင်းရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သဘောင်္ပိုင်ရှင်ဟာ စက်ပြင်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင်ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေ ရှာမတွေ့ခဲ့ကြဘူး ။ တစ်နေ့မှာ စက်ပြင်သမားတွေက သင်္ဘောအင် ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ်ကတည်းကတတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီး တစ်လုံးကိုလွယ်ထားတယ် ။ ရောက်ရောက်ခြင်းပဲ သူဟာ အင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။ အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာကြည့်တယ် အပေါ် ကနေ အောက်ခြေ အထိ သေသေ ချာချာစစ်ဆေးတယ် ။

အဲဒီနေရာမှာ သင်္ဘောပိုင်ရှင်ကလည်း ကြည့်နေတယ် ။ အဖိုးအို ဘာလုပ်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ။ အကုန်လုံးကြည့်ပြီးတဲ့အခါ အဖိုးအိုဟာ အိတ်ထဲကို လက်နှိုက်လိုက်ပြီး တူသေးသေးလေး တစ်ချောင်း ကိုထုတ်လိုက်တယ် ။ ပြီးတော့ တစ်နေရာကို ညှင်သာစွာ ခေါက်လိုက်တယ် ။ ရုတ်တရက်ပဲ အင်ဂျင်က စက်နှိုးသွားပါတယ် ။ အဖိုးအိုဟာ သူ့ တူလေးကို ဂရုတစိုက်အိတ်ထဲထည့်ပြီး ထွက်ခွာသွားတယ် ။ ခဏလေးပါပဲ --- အင်ဂျင်ပြင်တာပြီးသွားပါပြီ ။

တစ်ပတ်ကြာပြီးနောက်မှာ သဘောင်္ပိုင်ရှင်ဟာ အဖိုးအိုဆီက ငွေတောင်းခံလွှာကို လက်ခံရရှိခဲ့တယ် ။ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါသတဲ့ ။

“ ဘာ ” သဘောင်္ပိုင်ရှင် ထိတ်လန့်သွားတယ် ။ “ သူက ဘာများ ခက်ခဲစွာ လုပ်ရလို့လဲ ”

ဒီလိုနဲ့ သဘောင်္ပိုင်ရှင်က အဖိုးအိုကို ပစ္စည်းတန်ဖိုးနဲ့တကွ ကုန်ကျစရိတ်ကိုတောင်းခံလွှာပို့လိုက်တယ် ။ အဖိုးအို က စာပြန်ပို့လိုက်တယ် ။

“ တူ နှင့် ထု ခ --- ၂ ဒေါ်လာ
မည်သည့်နေရာကို ထု ရမလဲ သိသည့် အသိပညာခ - ၉၉၉၈ ဒေါ်လာ ”

####################################

လောကကြီးမှာ အသိပညာ အတတ်ပညာဟာ အရာအားလုံးကို ဖြေရှင်းပေးနိုင်သလို ဘ၀ရဲ့ အောင်မြင် ခြင်းသော့ ချက်လည်းဖြစ်တယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း အသိပညာတစ်ခုခုကို စူးစိုက်လေ့ လာသင်ကြားကြဖို့လိုတယ် ။ ဘယ်နေရာလေး (Key point ) ကို အားစိုက်ပြုပြင်ရမလဲဆိုတာ သိခြင်း ဟာ လော က မှာ အရေးကြီးဆုံး အရာတစ်ခုပါပဲ ။

အဖိုးအိုနှင့်အာလူးခင်း

အဖိုးအိုနှင့်အာလူးခင်း

တခါတုန်းက ရွာတစ်ရွာမှာ တစ်ယောက်တည်းနေတဲ့ အဖိုးအိုတစ်ဦးရှိတယ် ။ သူ့ရဲ့ အာလူးခင်း ကို မြေတွေ တူးဆွပြီး စိုက်ပျိုးချင်ပေမယ့် သူ့မှာ ခွန်အားတွေမရှိတော့တဲ့အတွက် သူအခက်တွေ့နေရတယ် ။ ဒါနဲ့ ဟိုးအဝေး တစ်နေရာမှာနေတဲ့ သူ့သားဆီ သူ ဘယ်လိုလုပ်ရမလဲဆိုတာ လှမ်းပြီးအောက်ပါအတိုင်း အကူအ ညီတောင်း လိုက်တယ် ။

“ သား

အဖေကျန်းမာရေးသိပ်မကောင်းဘူး ဒီနှစ်ထဲမှာ အာလူးခင်းကို မြေတူးဆွပြီး ပြန်စိုက်ပျိုးဖို့ အဖေမ တတ်နိုင် ဘူးသား အဖေအဲဒီလိုမလုပ်နိုင်တာကို သိပ်မုန်းတယ်သား ဘာလို့လည်းဆိုတော့ မင်းအမေဟာ အပင်တွေကိုစိုက်ပျိုးရင်းအချိန်ကုန်ဆုံးတရာကို အရမ်းနှစ်သက်ခဲ့တယ် ။ အဖေဟာ အာလူးခင်းကို ပြန်လည်မြေ တူးဆွဖို့ အခု အသက်ကြီးလွန်းနေပါပြီ ။ အကယ်၍ သားကူညီမယ်ဆိုရင်ဆတာ့ အဖေအ ဆင်ပြေပါပြီ သားအဖေ့ ဆီလာပြီး မြေတွေကို တူးဆွပေးနိုင်မလား ။

ချစ်တဲ့ --အဖေ ”

သိပ်မကြာခင်မှာပဲ အဖိုးအိုဟာ ကြေးနန်းနဲ့ ပြန်စာတစ်ခုပြန်ရလိုက်တယ် ။

“ အဖေ

ဘုရားသခင်ကယ်ပေလို့သာပေါ့ အဖေ အဲဒီအာလူးခင်းကို မတူးဆွပါနဲ့ အဲဒီအာလူးခင်းအောက်မှာ သား လက်နက်ခဲယမ်းတွေမြုပ်ထားတယ်အဖေ

ချစ်တဲ့ -- သား ”

အဲဒီစာရပြီး နောက်တစ်နေ့ မနက်လေးနာရီမှာပဲ အဲဒီရွာကို တာဝန်ရှိသူတွေ နဲ့ ရဲအရာရှိတွေ မြို့နယ်တာ ၀န်ခံတွေရောက်လာပြီး အာလူးခင်းကြီ့းတစ်ခုလုံးကို တစ်နေရာမှ မကျန်အောင် တူးဆွပြီး လက်နှက်ခဲ ယမ်းတွေ ကို ရှာဖွေကြပါတော့တယ် ။ ဒါပေမယ့် -- ဘာကိုမှရှာမတွေ့ခဲ့ပဲ ပြန်သွားကြပါတယ် ။

အဖိုးအိုဟာ နားမလည်နိုင်စွာနဲ့ သူ့သားဆီ ဘာတွေဖြစ်ပျက်တာလဲဆိုတာမေးဖို့ စာတစ်စောင်ရေးပို့လိုက်တယ် ။ သူ့သားကစာပြန်ပို့တယ် ။

“ အဖေ

အဖေအခု အာလူးခင်းထဲသွားပြီး အာလူးတွေစိုက်ပျိုးနိုင်ပါပြီ ဒါဟာ ကျွန်တော်အဝေးကနေ အဖေ့ကို အကောင်း ဆုံးကူညီလုပ်ဆောင်ပေးလိုက်ခြင်းပါပဲ

ချစ်တဲ့ --သား ”

######################################

ကိစ္စတော်တော်များများမှာ ကျွန်တော်တို့ဟာ စဉ်းစားဆင်ခြင်ခြင်းမရှိပဲ လက်ရုံးအားကိုးဖို့ပဲ စဉ်းစားမိကြတယ် ။ တကယ်တော့ စဉ်းစား တွေးခေါ် အမြော်အမြင်ကြီးတတ်ခြင်းဟာလည်း ကိစ္စတော်တော်များများကို ခွန်အား မကုန်ဆုံးစေပဲ ဖြေရှင်းပေးနိုင်ပါတယ် ဒါကြောင့် ဘာပဲလုပ်လုပ် မလုပ်ခင်မှာ သူဘာတွေ လုပ်နိုင်သလဲဆိုတာ အရင်စဉ်းစားပါ သင် ဘယ်နေရာရောက်နေနေ သင်ဘာတွေပဲဖြစ်နေနေ အသိဥာဏ် စဉ်းစားတွေးခေါ် တတ်ခြင်း နဲ့ ကိစ္စတော်တော်များများကို ဖြေရှင်းပေးနိုင်ပါတယ် ။

ငါးဖမ်းသမားနှင့် သူဌေးကြီး

တစ်ခါတုန်းက ငါးဖမ်းသမားတစ်ဦးဟာ ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရိပ်အာဝါသကောင်း တဲ့သစ်တစ် ပင်အောက် မှာ လှဲနေရင်း ဆေးလိပ်ဖွာလို့ နေတယ် ။ အဲဒီအချိန်မှာ သူ့အနားကို လုပ်ငန်းရှင်သူဌေးကြီး တစ် ဦးရောက် လာပြီး ဘာကြောင့်အလုပ်မလုပ်ပဲနဲ့ ဆေးလိပ်ထိုင်သောက်နေသလဲလို့မေးပါတယ် ။ အဲဒီတော့ ငါးဖမ်း သမားက ဒီနေ့အတွက် လုံလောက်တဲ့ငါးဖမ်းမိပြီဖြစ်တဲ့အတွက် အနားယူနေကြောင်း ပြန်ပြောတယ် ။

သူဌေးကြီးဟာ ငါးဖမ်းသမားအပေါ် အားမလိုအားမရဖြစ်ပြီး ဒေါသလည်းထွက်သွားခဲ့တယ် ။

“ ဘာကြောင့်နောက်ထပ်ငါးတွေမဖမ်းပဲနဲ့ အရိပ်ထဲမှာ သင့်အချိန်တွေကို ကုန်ဆုံးစေရတာလဲ ”
“ ကျွန်တော်ငါးတွေထပ်ဖမ်းပြီးဘာလုပ်ရမှာလဲခင်ဗျ ”
“ ဟ .. မင်းငါးတွေထပ်ဖမ်းပြီးထပ်ရောင်းမယ်ဆိုရင်ငွေတွေပိုရလာမယ်လေ အဲဒီအခါ မင်း ငါး ဖမ်းလှေကောင်းကောင်း တစ်စီးဝယ်နိုင်တာပေါ့ ”
“ ငါးဖမ်းလှေဝယ်ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ဒီထက်ပို ဝေးတဲ့နေရာတွေသွားပြီး ဒီထက်ပိုကြီးတဲ့ငါတွေဖမ်းရမှာပေါ့ အဲဒီအခါငွေတွေဒီထက်ပိုရလာမှာပေါ့ ”
“ ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ငွေတွေထပ်ရလာတဲ့အ ခါ မင်း လှေတွေအများကြီးထပ်ဝယ်ရမှာပေါ့ ပြီးတော့ ငါးဖမ်းလုပ် သားတွေခေါ် ယူရမယ် ဒီထက်ငွေတွေပိုရလာအောင်ပေါ့ကွ ”
“ ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ အဲဒီအခါ မင်းငါ့လို လုပ်ငန်းရှင်သူဌေးကြီးဖြစ်လာမှာပေါ့ ”
“ သူဌေးကြီးဖြစ်လာတော့ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ဟ .. အဲဒီအခါ မင်း ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့အေးဆေးနေလို့ရပြီပေါ့ ”
“ အခုရော ... ကျွန်တော်ဘာလုပ်နေတယ်လို့ ထင်ပါသလဲ သူဌေးမင်းခင်ဗျား ”

###############################

ဘ၀မှာ ပျော်ရွှင်ဖို့ ငြိမ်းချမ်းဖို့အတွက် နက်ဖြန်ဆိုတဲ့ နောက်တစ်နေ့အထိ စောင့်စရာမလိုပါဘူး ။ ပျော်ရွှင်ချင် ယုံသက်သက်သာဆိုရင်တော့ သင် ချမ်းသာဖို့မလိုအပ်သလို စွမ်းအားကြီးဖို့လည်းမလိုအပ်ဘူး ။

ဘ၀ ဆို ယခု အချိန်လေးပဲလေ --- သင် အပြည့်အ၀ ပျော်ရွှင်နိုင်ပါတယ် ။

လူတချို့ကပြောတယ် “ ငါ့ရဲ့စည်းစိမ်ချမ်းသာတွေက ငါရဲ့ တကယ့်ပိုင်ဆိုင်မှုတွေမဟုတ်ဘူး ဒါပေမယ့် ငါ့လိုအင် ဆန္ဒတွေရဲ့ အနည်းငယ်မျှသာ ဖြစ်တယ် ” တဲ့ ။

ဘ၀ရဲ့ ပျော်ရွှင်မှုဆိုတာ သင်နဲ့အဝေးကြီးမှာ ရှိနေတာမဟုတ်ပါဘူး ။

“ သင့်ရဲ့ ယခုအချိန် လေးပါပဲ ”

အဖြူရောင်ရင်ခွင်

ဒီနေ့ အမေများနေ့တဲ့ . . ပို့စ်လေးတစ်ပုဒ်လောက်ရေးမယ်ကူးပြီးမှ အစည်းအဝေးတစ်ခု သွားရတာရယ် အလုပ်ကိစ္စတွေရယ်ကြောင့် မရေးဖြစ်ခဲ့သေးဘူး ။ ဒီတစ်နှစ်အမေများနေ့မှာတော့ တခြားဖွဲ့နွဲ့တာတွေရေးချင်စိတ်လည်းသိပ်မရှိသေးတာကြောင့် ရိုးရိုးကလေးပဲ ကျွန်တော်နဲ့အမေ့အကြောင်းလေး အနည်းငယ်ပြောပြပါ့မယ် ။ အဲဒါကို ကျွန်တော်က “ အဖြူရောင်ရင်ခွင် ” လို့အမည်ပေးထားတယ်။

အမေက ရန်ကုန်သူပါ ။ အဖေက ဧရာဝတီတိုင်းမြန်အောင်မြို့ကြီးရဲ့ ဧရာဝတီမြစ်တစ်ဖက်ကကမ်းက အိုးဘိုကျွန်းရွာကလေးဆီက ရွာသားလေးတစ်ယောက် ။ အဖေ့မှာ ညီအကို ၃ ယောက်ရှိတယ် ။ အောင်ချို ၊ အောင်ကို ၊ အောင်သူ တဲ့ အဖေက အကြီးဆုံးပေါ့ သူတို့အရင်က စက်လှေသင်္ဘောတွေထောင်ကြတယ် ။ အဲဒီသဘောင်္တွေနဲ့မြို့ပေါ်တက်ရင်းက မြို့သူအမေနဲ့တွေ့ခဲ့ပြီး ဇာတ်လမ်းတွေဖြစ်ခဲ့ကြတယ်ဆိုပါတော့ ။ အမေက ကျွန်တော့်ကိုမွေးခဲ့တုန်းက မြောက်ဥက္ကလာပ ဆေးရုံမှာပါပဲ ။ ကျွန်တော်မွေးမွေးချင်းတုန်းက အရမ်းရုပ်ဆိုးတယ် ။ အခုလည်းရုပ်ကမချောပါဘူး ။ အရုပ်ဆိုးတော့ ဘာနဲ့တူသလဲဆိုတော့ ကြွက်စုပ်လိုလို ထူးဆန်းသတ္တ၀ါကောင်လိုလို ငယ်ငယ်ရွယ်ရွယ်နဲ့ အဖိုးကြီးရုပ်ပေါက်နေတဲ့အကောင်ဆိုတော့ အမေမချီချင်တာ ဘယ်ဆန်းပါ့မလဲလေ ။ အဲဒီအတွက်လည်း အမေ့ကိုတစ်ခါမှတော့ စိတ်မကွက်ခဲ့ဘူးပါဘူး ။

ဒီတော့ အိမ်ဘေးက ဒေါ်ချိုဆိုတဲ့အဒေါ်ကြီး ကျွန်တော့်ကို ပဲထိမ်းရတယ် ။ အမေက ကြောက်လို့တဲ့ ဟီးဟီး ။ ဒီလိုနဲ့ နို့တွေဘာတွေသောက် အမေ့အပေါ်ဂျီကျဆိုးရင်း ကျွန်တော် တစ်နှစ်သားအရွယ်အရွယ်လောက်ရောက်တော့ ၀၀တုတ်တုတ်လေးဖြစ်လာတယ် ။ အမေက ကျွန်တော့်ကိုအရမ်းချစ်တယ် ။ မှတ်မှတ်ရရ ကျွန်တော် ၃ တန်းကျောင်းသားအရွယ်ပေါ့ ။ ကျွန်တော်တို့အဲဒီတုန်းက အ.မ.က ကျောင်းလေးတွေမှာတက်ရတယ် ။ ရပ်ကွက်ထဲက မူလတန်းကျောင်းလေးတွေပေါ့ ။ ကျွန်တော့်မှာ အဲဒီတုန်းက နောင်နောင်ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် ။ နောင်နောင်က ကျောင်းသားဆိုကလေးပေါ့ ။ ကလေးသဘာဝ ကျွန်တော်တို့ ရန်ဖြစ်ကြတယ် အဲဒီတုန်းကပေါ့ ။ အဲဒီတုန်းက ကျွန်တော်ကသိပ်စွာတယ်လို့ပြောတာပဲ ။ လူဆိုးကလေး မောင်သက်တန့်အငယ်စားပေါ့ ။ နောင်နောင်က အဲဒီတုန်းက ကျွန်တော့်ခဲတံကို လုတယ် ကလေးသဘာဝ ဆော့ရင်း လိုချင်လို့လုတာဖြစ်မှာပါ ။ ကျွန်တော်ကပေးလိုက်ပါတယ် ။ နောက်တစ်ချောင်းထပ်သုံးတယ် ။ အဲဒီတစ်ချောင်းကို ထပ်လုတယ် ။ ကျွန်တော်အသာတကြည်ပဲပေးလိုက်ပါတယ် အော် . .သူလည်းလိုချင်မှာပေါ့လေ ဆိုပြီးသူငယ်ချင်းအချင်းချင်းပဲဆိုပြီး ။ ၃ ချောင်းမြောက် ကျွန်တော် ထပ်သုံးတယ် ။ ထပ်လုတယ် ။ ကျွန်တော် နောင်နောင့်ကို စိုက်ကြည့်လိုက်တယ် ။ နောင်နောင်က ကျွန်တော့်ကို လုနေရင်း တခြားသူငယ်ချင်းတွေကို ပြောပြီးရီပါတယ် ။

ကျွန်တော် ဘာမှမပြောပါဘူး ။ ခဲတံနဲ့သူ့လက်ဖမိုးကိုထိုးချလိုက်တယ် ။ သွေးတွေထွက်လာပြီး အကုန်လုံးရုန်းရင်းဆန်ခတ်ဖြစ်ကုန်တယ် ။ ကျွန်တော်စာပဲဆက်ရေးနေလိုက်တယ် ။ နောင်နောင့်ကိုမြင်ပြီးဆရာမကပြေးလာတယ် ။ အတန်းရှေ့မတ်တပ်ရပ် သစ်သားပေတံနဲ့ ခြေသလုံးကိုရိုက်တယ် ။ နောက်နေ့ မိဘခေါ်လာတဲ့ ။ နောင်နောင့်အမေက လုံးဝမကျေနပ်ဘူး မိဘချင်းရှင်းမယ်ဆိုပြီးအိမ်ကို လိုက်လာတယ် ။ အမေက အရမ်းအေးတယ် ။ အဖေက နယ်သွားနေတယ် ။ အမေ့မှာ အဲဒီတုန်းက တောင်းပန်လိုက်ရတာ ပြာပြာသလဲပါပဲ ။ ကျွန်တော်အဲဒီကတည်းကအမေ့ကိုကြည့်ပြီးအရမ်းသနားသွားမိတယ် ။ မိဘဆိုတာ သားသမီးအတွက်ဆို ဘာလို့ အောက်ကျနောက်ကျခံဖို့ ၀န်မလေးပဲ ချစ်နိုင်ရတာလဲလို့ ။ အမေ့မှာ လည်းတခြားမိဘတွေလို ကိုယ့်သားသမီးနဲ့ပတ်သတ်ပြီး ဂုဏ်ယူတတ်တဲ့အကျင့်ရှိပါတယ် ။ အတန်းထဲ အဆင့်ကလေးများတက်လာရင် ဆုလေးတစ်ခုခုများချိတ်ရင် ဂုဏ်ယူလိုက်ရတာအမော ။ တကယ်တော့ ကျွန်တော်က သိပ်တော်နေတဲ့ကောင်တော့မဟုတ်ဘူးဗျ ။ အမေပြောတဲ့စကားတစ်ခွန်းရှိတယ် ။ “ သား . .အမေတို့ပညာတွေမတတ်ခဲ့လို့ အခုလိုသားဆင်းဆင်းရဲရဲနေရတာ . . ငါ့သားတော့အမေတို့လို ဘယ်တော့မှဖြစ်စေရဘူးသားကိုဘာအမွေမှမပေးနိုင်ရင်တော် ပညာအမွေတော့အမေတို့ရအောင်ပေးမယ် ” ဆိုပြီးကျောင်းစာကိုပဲ ဖိပြီးသင်စေခဲ့တယ် ။

နောက်ပြီး ကျွန်တော်အကြီးအကျယ် ရန်ဖြစ်တာတစ်ခုဖြစ်သေးတယ် ။ ရပ်ကွက်ထဲက အောင်ကြီးဆိုတဲ့ကောင်လေးနဲ့ပါ ။ မိုးတွေရွာနေတယ် အဲဒီနေ့တုန်းကပေါ့ ။ ကျွန်တော်တို့မိုးရေထဲမှာ ဂေါ်လီ ရိုက်ကြပါတယ် ။ ဂေါ်လီရိုက်ရင်း ရန်ဖြစ်ကြတယ် ။ စကားများငြင်းခုံရင်းနဲ့ပေါ့ ။ အဲဒီတုန်းက လူက ဘာဖြစ်သွားတယ်မသိပါဘူး ။ အောင်ကြီးကို ကျွန်တော် ဂေါ်လီနဲ့ ခေါင်းကို ထုလိုက်တယ် ။ ဟီး . . အဲဒီတုန်းက ခေါင်းကွဲပြီးသွေးတွေထွက်လာတယ် ။ အမေ . . . ကျွန်တော့်မိုက်မဲမှုကြောင့် ကျွန်တော့်လို သားဆိုးကြောင့် အောင်ကြီးမိဘတွေကို တောင်းပန်ရပြန်တယ် ။ ဆေးဖိုးလျှော်ပေးရတဲ့အပြင်ကျေနပ်ရတဲ့အထိ မျက်နှာငုံ့လို့ ကျွန်တော့်အတွက်တောင်းပန်ပေးခဲ့ပါတယ် ။ အမေ ကျွန်တော့်ကို ဆူတယ်လို့ ခင်ဗျားတို့ထင်သလားဟင် ။ မဆူဘူးခင်ဗျ ကျွန်တော်ကိုပြုံးပြီးပဲကြည့်ပြီးပြောတယ် ။ “ သားရယ် . .ရန်ဖြစ်တယ်ဆိုတာ မကောင်းပါဘူး . . . သားပညာတတ်ကြီးလုပ်ရဦးမယ်လေ ” တဲ့ ။ အဲဒီနေ့ကစပြီး ဒီနေ့အထိ ကျွန်တော် အပြင်မှာ ရန်မဖြစ်တော့ပါဘူး ။ ( စကားလုံးစစ်ပွဲတွေကလွဲလို့ပေါ့ :P ) အဲဒီကတည်းက အမေ့ကို ကျွန်တော် ကတိတစ်ခုပေးလိုက်ပါတယ် ။ ကိုယ့်စိတ်ထဲမှာ ကိုယ်ပေးလိုက်တာပါ ။ ကျွန်တော် ဘယ်တော့မှ ရန်ထပ်မဖြစ်တော့ဘူးလို့ ။ အမေက တခြားသူတွေလို တခြားသူတွေလို ကျွန်တော့်ကိုဘာကြီး ဖြစ်ရမယ် ညာကြီးဖြစ်ရမယ်ဆိုပြီး ဘယ်တုန်းက ဖိအားမပေးခဲ့ဘူး ။

ဆယ်တန်းကလေးအောင် ကုမ္ပဏီလေးတစ်ခုမှာ ၀င်လုပ် လစာလေး ဘယ်လောက်ရရ မိသားစုလေး ပျော်ပျော်ရွှင်ရွှင်နေကြမယ်ဆိုတဲ့ စိတ်ကူးနဲ့ တကယ့် ပကတိ အဖြူရောင် မိခင်ပါ ။ ကျွန်တော်တစ်ခါတစ်ခါတွေးမိတယ် ။ တချို့သားသမီးတွေက သူတို့အမေကို မလိုချင်ကြဘူးတဲ့ ။ သူတို့လိုချင်တဲ့မိခင် သူတို့လိုချင်တဲ့ဘ၀မရတဲ့အတွက် အမေတွေကို မုန်းကြတာတွေ့ရတယ် ။ တချို့ဆို အမေတွေကို ခါးခါးသီးသီး အမေလို့ကို မခေါ်နိုင်အောက်အောင်ပဲ ရပ်ကွက်ထဲမှာလည်းတွေ့ရပါတယ် ။ အဲဒီအတွက် ကျွန်တော် တစ်ခွန်းပဲပြောချင်မိတယ် ။ “ မိဘတွေက သားသမီးတွေကို ရွေးချယ်ခွင့်မရှိသလို သားသမီးတွေကလည်း မိဘတွေကို ရွေးချယ်ခွင့် မရှိပါဘူး ” ဆိုတဲ့စကားပါပဲ ။ မှန်ပါတယ် ။ ဘယ်မိဘကမှ ငါတို့ဘ၀လေး မပြေလည်တဲ့ဘ၀လေးထဲ သားသမီးတွေရောက်လာပါစေရယ်လို့တော့ ခေါ်ယူခဲ့တာမရှိပါဘူး ။ ကျွန်တော်တို့ကလည်း ချမ်းသာတဲ့မိဘမှ ၀င်စားလိုက်မယ်လို့ ရွေးချယ်ခွင့်မရှိပါဘူး။ သံသရာအဆက်ဆက်ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေကြောင့် ဒီဘ၀မှာ မိဘနဲ့သားသမီးဖြစ်လာရခြင်းဖြစ်ပါတယ် ။

အမေတွေရဲ့ရင်ခွင်ဟာ အဖြူရောင်ရင်ခွင်တွေပါ ။
သားသမီးတွေအတွက် သူတို့အတ္တကို မြိုသိပ်ထားနိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့မာနကို မြေချထားနိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့ အရာရာကို စွန့်လွှတ်နိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့ အရာရာကို စွမ်းဆောင်နိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့ အမြဲခွင့်လွှတ်ပေးနိုင်ကြတယ် ။
သားသမီးတွေအတွက် ရန်သူကိုတောင် ပြုံးပြရဖို့ဝန်မလေးတတ်ကြဘူး ။
သားသမီးတွေအတွက် သူတို့ အိမ်တံခါးဝဟာ အမြဲဖွင့်ပေးနေတတ်ကြတယ် ။
သားသမီးတွေအတွက် အမြဲသည်းခံ နေတတ်ကြတယ် ။
သားသမီးတွေအတွက် ဆို အမေ ဆိုတာ အရာရာပါပဲ ။

ဒီနေ့ဒီတစ်ရက်တည်းမဟုတ်ပဲ သားသမီးတွေကလည်း အမေ့ကျေးဇူးကို လက်စုံမိုး၍ ရှိခိုးဦးခိုက်ပူဇော်နိုင်ကြပါစေ ။ လုပ်ကျွေးပြုစုနိုင်ကြပါစေ ။ အထပ်ထပ်အခါခါရေးခဲ့ပြီးသားဖြစ်ပေမယ့်နောက်ဆုံးကစကားလေးတစ်ခွန်းတော့ထပ်ပြောပါရစေဦး ။

“ အမေမသေခင် ကျွေးမွေးပြုစုပါ သေမှ နောင်တ မရကြပါနဲ့ ”

အဖြူရောင်ရင်ခွင်တွေကိုပိုင်ဆိုင်ထားတဲ့မိခင်တိုင်းလိုလိုဟာ သားသမီးတွေအတွက်ဆို ကြီးမားကျယ်ပြန့်လွန်းတဲ့ကောင်းကင်ကြီးတွေပါပဲ ။

သက်တန့်ချို
မှ ကူးယူထားသည်