Saturday, February 9, 2013

ပေါ့ပေါ့ပါးပါးလေး အရင်ပြောရအောင်

စာဖတ်သူလူကြီးမင်းဒါတွေကိုသိသလားဆိုတာလဲ ဖတ်ရင်းနဲ့တွေးတွေးကြည့်သွားပေါ့ ။
လိပ်ပြာလေးတွေမှာ လျှာမပါဘူးတဲ့ ။ ဒါဖြင့်ပန်းဝတ်ရည်ရဲ့အရသာကို ဘယ်လိုခံစားတယ်လို့
ထင်ပါသလဲ ။ ဟုတ်ကဲ့ ၊ယုံချင်ယုံ မယုံချင်လဲနေပါ ။ ခြေထောက်လေးတွေနဲ့ခံစားပါသတဲ့ ။

ပျမ်းမျှပြောစတမ်းဆိုရင် ဘောလ်ပင်ကိုက်ရင်း လည်ချောင်းထဲဘောလ်ပင်ရောက်၊ အဲဒီ ဘောလ်ပင်ကြောင့် အသက်ရှူလမ်းကြောင်းပိတ်ပြီး သေတဲ့သူကတစ်နှစ်ကို တစ်ရာလောက်
တော့ရှိသတဲ့ ၊ (သတိထားနော်။ဘောလ်ပင်ကိုက်ပြီးစဉ်းစားခန်းသိပ်မ၀င်ပါနဲ့နော် )

အဲဒီလိုပျမ်းမျှပြောကြစတမ်းဆိုရင် လူတွေဟာသေရမှာထက်ပင့်ကူကို ပိုကြောက်ကြပြန်သတဲ့။
(ဟုတ်လားမသိဘူး၊ကျွန်တော်ကတော့ပင့်ကူကြောက်တာအမှန်ပဲ)

ဟိုး . . .အတီအတေအတိတ်ကာလတုန်းက အီဂျစ်ပြည်ကဘုန်းတော်ကြီးတွေဟာ တစ်ကိုယ်လုံးရှိရှိသမျှ အမွေးအမျှင်တွေကို အကုန်စင်အောင်ရိတ်ရပါသတဲ့ ၊မျက်ခုံးမွေးကော
မျက်တောင်မွေးပါမချန်ရဘူးတဲ့ ။(တညိုးကြီးနော်)

သတ္တ၀ါတွေအနက်မှာ ခုန်နိုင်ပေါက်နိုင်ခြင်း လုံးလုံးမရှိတဲ့ သတ္တ၀ါက ဘာကောင်လဲ သိပါသလား ။ အဟဲ ဆင်လေ ဆင် . . . .ဆင် . . . ။

လူသန်းပေါင်းနှစ်ထောင်မှာ တစ်ယောက်သာလျှင် အသက် (၁၁၆ )နှစ်လောက်အထိ အသက်
ရှည်နိုင်ပါသတဲ့။ (ဒါတော့ဘာအရေးတုန်း ၊ အဲဒီလောက်အရှည်ကြီးနေရရင် ပျင်းစရာကြီး)။

မိန်းမသားတွေဟာ ယောက်ျားတွေထက် မျက်တောင်ခတ်တဲ့အကြိမ်ရေ နှစ်ဆပိုများသတဲ့ဆိုပဲ. . .။

ကိုယ့်တံတောင်ဆစ်ကို ကိုယ့်ဘာသာလျှာနဲ့လျက်ဖို့ ဘယ်လိုမှကိုမဖြစ်နိုင်ဘူးနော် ။

အမေရိကန်နိုင်ငံ လူဝီဇနီးယားတက္ကသိုလ်ရဲ့ ပင်မစာကြည့်တိုက်ဟာ တစ်နှစ်ကို တစ်လက်မကျော်လောက် မြေကြီးထဲကိုမြုပ်ဝင်နေပါသတဲ့ ။ဘာဖြစ်လို့လဲဆိုတော့ . .
အဲဒီပင်မစာကြည့်တိုက်မှာ တနေ့တခြားတိုးပွားလာမယ့် စာအုပ်ရဲ့အလေးအချိန်တွေကို စာကြည့်တိုက်စတင်တင်ဆောက်ချိန်တုန်းက အင်ဂျင်နီယာတွေဖက်က ထည့်မတွက်မိခဲ့ကြလို့
ပဲတဲ့ (ဘုရား..ဘုရား မမှားသောရှေ့နေ မသေသောဆေးသမားဆိုတဲ့စကားထဲမှာ အင်ဂျင်နီယာကိုပါ ထည့်ရတော့မယ်ကိန်းပါလား အရပ်ကတို့ရေ . . .)

စာဖတ်နေတဲ့ မောင်နှမတွေများ သိကြမလားမသိဘူး ၊ပက်ကျိတစ်ကောင်ဟာ သုံးနှစ်
လောက်တော့မထတမ်းနှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်ပါသတဲ့ခင်ဗျာ ။(ကာလနဂါးရဲ့ ငယ်နာမည်က
ပက်ကျိပေါ့နော်)

ပိုလာဘဲ ဆိုတဲ့မြောက်ဝန်ရိုးစွန်းဒေသက ၀က်ဝံဖြူတွေအားလုံးဟာ ဘယ်ကျော်တွေချည်းပဲတဲ့ ။

ငှက်ကုလားအုပ်တွေရဲ့မျက်စိက သူတို့ဦးနှောက်ထက် ကြီးးသတဲ့ ။

ကျွန်တော်တို့တွေရဲ့ မျက်စိနှစ်လုံးဟာမွေးကတည်းက သည်အရွယ်အစားပါပဲ။သေတဲ့အထိ
ပြောင်းမသွားပါဘူး။အဲ . . . .သို့ပေမယ့်နှာခေါင်းနဲ့နားရွက်ကတော့ တစ်နေ့တခြားထွာထွား
နေတာ သေမှပဲရပ်တော့တယ်တဲ့ ။(ဘုရား . . .ဘုရား)

လက်နှိပ်စက်ကိုအင်္ဂလိပ်လိုပေါင်းတဲ့စာလုံး Typerwriter ဆိုတာဟာ လက်နှိပ်စက်/ကွန်ပျူတာခလုပ်ခုံပေါ်မှာရှိတဲ့ အတန်းတွေထဲကတစ်တန်းတည်းကနေ အရှည်ဆုံးရိုက်နိုင်တဲ့ တခုတည်းသောဝေါဟာရပါ ။

အဲ . . . .နွားတစ်ကောင်ကို လှေကားအတိုင်းအပေါ်ထပ်ကိုခေါ်သွားဖို့ ဖြစ်နိုင်ပေမယ့်
အဲဒီလှေကားအတိုင်းပြန်ဆင်းလာအောင်လုပ်ဖို့တော့မဖြစ်နိုင်ဘူးတဲ့။(ငါးလွှာတို့ခြောက်လွာတို့မှာနေတဲ့သူများစမ်းကြည့်သင့်တယ်ထင်တယ် ။မရဘူးဆိုတော့လဲ အသာငြိမ်နေလိုက်ပေါ့။
ရတယ်ဆိုရင်တော့ ကျွန်တော်ရေးပြထားတာမှားကြောင်း အကြောင်းကြားနိုင်ကြပါလိမ့်မယ်။

ဘဲတွေရဲ့အော်သံတဂတ်ဂတ်ကလည်း ဘယ်တော့မှ ပဲ့တင်သံမထွက်ဘူးတဲ့။ဘယ်လောက်
ပဲ့တင်သံထွက်တဲ့နေရာမှာပဲဖြစ်ဖြစ် ပဲ့တင်သံမထွက်ဘူးတဲ့ ။ဘာကြောင့်ဆိုတာကိုလည်း
ဘယ်သိပ္ပံပညာရှင်မှ မသိပြန်ဘူးတဲ့။

အမေရိကန်နိုင်ငံမှာ သေဒဏ်စီရင်တဲ့အခါသုံးတဲ့လျှပ်စစ်ကုလားထိုင်ကို တီထွင်တဲ့သူကဘယ်လို
လူစားမျိုးလို့ထင်သတုံး ။ဟုတ်ကဲ့ . . .သွားဆရာဝန်ထွင်တာပါ(ဘယ်လိုလူလဲမသိဘူးနော်)

ယမ်းမီးခြစ်ကိုမထွင်ခင်ကတည်းက ဓာတ်မီးခြစ်ကိုထွင်ခဲ့ကြတာဆိုပဲ ။
အင်္ဂလိပ်စကားလုံးမှာအတိုဆုံးဝါကျဟာ (သွား-Go)ဆိုတာပဲဖြစ်ပါတယ်။(မြန်မာမှာတော့ အများကြီးပဲ ။

ရုတ်တရက်စဉ်းစားကြည့်လိုက်တာတောင် ထ၊က၊စ၊မ ဆိုပြီးအတိုဆုံးဝါကျတွေ
ထွက်လာပါတယ်။ ဒါဗျည်းချည်းပဲပြောတာ။ကြွတို့၊ ချတို့၊ ကြည့်တို့၊ သွားတို့လို သရတွေ၊
အသတ်တွေ၊သံယုတ်တွေ မပါသေးဘူး) သိလား၊

အဟဲ စာဖတ်နေတဲ့ ကိုကို မမ တို့လည်း ဒီစာကိုဖတ်ရင်းနဲ့
ကိုယ့်တံတောင်ဆစ်ကိုယ့်ဘာသာ ပြန်လျက်ကြည့်သွားလိုက်မိသေးတယ်မှတ်တယ်။
မရှက်ပါနဲ့ ။ ကျွန်တော်လည်း ဒါလေးဖတ်ရင်းနဲ့ လျက်ကြည့်မိသေးတာပဲ။ပျော်စရာတော့ကောင်းသားနော်

No comments:

Post a Comment