Sunday, January 1, 2017

ရည်းစားဟောင်းနဲ့ မိတ်ဆွေသူငယ်ချင်းပြန်ဖြစ်နိုင်မလား

ချစ်သူရည်းစားဖြစ်ခဲ့ဖူးသူနဲ့ မိတ်ဆွေသူငယ်ချင်းအဖြစ် ပြန်ခင်မင်ဆက်ဆံတယ်ဆိုတာ နိုင်ငံရပ်ခြားမှာ မထူးဆန်းပါဘူး။ သူတို့က လမ်းကြုံရင် ပြုံးရယ်နှုတ်ဆက်တာမျိုး ၊ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်တွေပေါ်မှာ မေးထူးခေါ်ပြော ဆက်ဆံပတ်သက်နေတာမျိုး ၊ နောက်ဆုံး လုပ်ဖော်ကိုင်ဖက်အဖြစ် အခင်အမင်မပျက် ဆက်နေနိုင်တာမျိုးတွေအပြင် ဒီ့ထက်ရင်းနှီးတဲ့ မိသားစုချင်း ဆက်ဆံပတ်သက်မှုတွေအထိ ဆက်လက်ပတ်သက်နိုင်တာမျိုးတွေရှိပါတယ်။ အထူးသဖြင့် တိုးတက်တဲ့နိုင်ငံတွေမှာပေါ့။
သူတို့ဆီမှာက စတွဲမိတယ်ဆိုကတည်းက ကိုယ်စီက တွဲကြည့်မယ်ဆိုတဲ့ အသိနဲ့တွဲခဲ့တာပါ။ တွဲကြည့်လို့အဆင်မပြေရင် လမ်းခွဲမယ်လို့လည်း နှစ်ဦးစလုံးစိတ်ထဲမှာ မပြောဘဲ သဘောတူခဲ့တာပါ။ တချို့တွေကတော့ စတွဲကတည်းက လေးလေးနက်နက်စိတ်မရှိလှဘဲ အပျင်းပြေရုံ ၊ အဖော်ရရုံ ၊ တွဲဖြစ်ရုံ တွဲကြည့်ကြတာမျိုးလည်းရှိတယ်။ နှစ်ဦးနှစ်ဖက်က ဒီလိုခပ်ပေါ့ပေါ့ တွဲခဲ့ကြရုံ ၊ အိပ်ခဲ့ကြရုံ ၊ တအိမ်တည်းအတူနေကြည့်ခဲ့ကြရုံဆိုရင်တော့ ကွဲသွားလည်း သိပ်မခံစားရဘူး။ နောင်ပြောဆိုဆက်ဆံဖို့ ကြုံရင်လည်း ဘာမှမဖြစ်ခဲ့သလို ခေါ်ပြောဆက်ဆံနိုင်ကြတယ်။
တခါတလေ ကိုယ်နဲ့ပတ်သက်ခဲ့သူက သူ့ကိုယ်ပိုင်မိသားစုလေးနဲ့ ဒါမှမဟုတ် နောက်ချစ်သူတယောက်နဲ့ ရှိနေသည့်တိုင် ပတ်သက်ဆက်ဆံဖို့ ကြုံ ကြိုက်လာခဲ့ရင် သူ့ကောင်းကြောင်းကို သူနဲ့ကိုယ် ပတ်သက်တဲ့အသိုင်းအဝိုင်းမှာ ချီးမွမ်းပြောဆိုတဲ့အထိ စိတ်ထားမြင့်မြင့်မြတ်မြတ် ထားနိုင်ကြတာမျိုးလည်း မြင်ဖူးတယ်။ လမ်းခွဲဖူးတဲ့ သမီးရည်းစားတိုင်း နောင် မျက်နှာချင်းမဆိုင်လိုကြတော့တာမျိုး ၊ မခေါ်ပြောမဆက်ဆံနိုင်ကြတာမျိုး ၊ သွားပုပ်လေလွင့်ပြောတာမျိုးတွေမရှိကြပါဘူး။ ဒါက တိုးတက်ပြီး စိတ်ထားမြင့်မြတ်ကြတဲ့ လူ့အသိုင်းအဝန်းမှာပေါ့။
မြန်မာနိုင်ငံမှာတော့ မိန်းကလေးအများစုက ကိုယ်နဲ့တွဲတဲ့သူကို လက်ထပ်ပေါင်းသင်းလိုတဲ့ ရည်ရွယ်ချက် ၊ ရေရှည်လက်တွဲသွားလိုတဲ့ စိတ်ဆန္ဒမျိုးနဲ့ ချစ်သူရည်းစားအဖြစ် လက်ခံကြတာပါ။ မြန်မာဓလေ့ထုံးစံမှာ မိန်းမကောင်းပန်းပန် တပွင့်တည်းပန်ဆိုတဲ့စကားကို အလေးထားပြီး ချစ်ကြိုက်ရုံနဲ့ မလွန်ကျူးရဘူးဆိုတာကို အလေးထားကြပါတယ်။ အခုလူငယ်တွေ ဟိုတယ်တက်နေကြတာကို မြင်တွေ့ကြားသိနေကြပေမယ့် ကိုယ့်သားသမီးတွေကိုတော့ ဒီလိုမျိုး မဖြစ်စေချင်ကြတာ မြန်မာမိဘတိုင်းရဲ့ မေတ္တာစေတနာပါ။ ကိုယ့်သားသမီးက ရည်းစားထည်လဲတွဲပြီဆိုရင် မိဘတွေက ပတ်ဝန်းကျင်အသိုင်းအဝန်းမှာ မျက်နှာပျက်ရတယ်ဆိုတာလည်း ခုချိန်အထိရှိနေတုန်းပါ။
မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ် ၊ နိုင်ငံရပ်ခြားမှာပဲဖြစ်ဖြစ် ကိုယ်နဲ့သမီးရည်းစားအဖြစ်တွဲခဲ့ပြီး ပတ်သက်ဆက်ဆံဖူးတဲ့ အမျိုးသားနဲ့ မိတ်ဆွေသူငယ်ချင်းအဖြစ် ပြန်ပတ်သက်သင့်သလား။ ဒီမေးခွန်းကိုဖြေဖို့ဆိုရင် ကိုယ်နဲ့တွဲခဲ့သူကို ကိုယ်ဘယ်လောက်အထိ ရည်ရွယ်မျှော်လင့်ပြီး ပတ်သက်ခဲ့တာမျိုးလဲလို့ ပြန်မေးရမှာပါ။
သူ့ကို တအားစွဲလမ်းခဲ့သလား ၊ သူနဲ့အတူ အနာဂါတ်ထဲမှာ တအိုးတအိမ်ထူထောင်ပြီး သားသမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်မယ်လို့ ယုံကြည်နေခဲ့သလား ၊ လုံးဝမခွဲနိုင်တဲ့အထိ ချစ်ခဲ့ဖူးသလား ၊ ကိုယ်သူ့ကိုအရမ်းချစ်တာ ကိုယ့်အသိုင်းအဝန်းနဲ့ သူ့အသိုင်းအဝန်းအကုန်လုံး ဟိုးလေးတကြော်ဖြစ်ပြီးမှ သူ့ဘက်ကလမ်းခွဲခဲ့လို့ ကွဲခဲ့တာလား ၊ ကိုယ့်အပေါ်ကို လှည့်စားလိမ်ညာခဲ့ပြီး စိတ်နာအောင်လုပ်ခဲ့ဖူးသလား ၊ ကိုယ့်ကို စိတ်ရောကိုယ်ပါ စိတ်ဆင်းရဲအောင် ညှဉ်းဆဲခဲ့ဖူးသလား ၊ သူ့ကြောင့် အကြိမ်ကြိမ်ငိုကြွေးခဲ့ဖူးသလား စတဲ့မေးခွန်းတွေ ကိုယ့်ဘာသာအရင်ပြန်မေးပါ။
ဒါတွေထဲက တခုခု သို့မဟုတ် တခုထက်မနည်း လုပ်ခဲ့ဖူးတယ်ဆိုရင် သူနဲ့ပတ်သက်လို့ ခံစားချက်လက်ကျန် ကိုယ့်ရင်ထဲကျန်ကောင်း ကျန်နေနိုင်သေးတယ်။ ကိုယ့်မှာလည်း ကိုယ့်ချစ်သူနဲ့ ဒါမှမဟုတ် ကိုယ့်မိသားစုဘဝလေးနဲ့ ရှိနေသည့်တိုင် သူနဲ့ပတ်သက်ခဲ့တုန်းက ထဲထဲဝင်ဝင် လေးလေးနက်နက် ခံစားပတ်သက်ခဲ့ဖူးတာမို့ ဘာမှမဖြစ်ခဲ့သလို သူနဲ့ရေရှည်ဆက်ဆံသွားနိုင်ပါ့မလားနော်။ သူ့ဘာသာ မိသားစုနဲ့ပျော်ရွှင်နေတာ ၊ လက်ရှိ သူ့ချစ်သူနဲ့ပျော်ရွှင်နေတာကို မုဒိတာမပွားနိုင်တာမျိုး ၊ မလိုတမာဖြစ်နေတာမျိုးဆို ကိုယ့်အတွက်လည်းမကောင်း ၊ သူတို့အတွက်လည်းမကောင်းပါဘူး။ အလိုလိုနေရင်း စိတ်နှလုံး ညှိုးနွမ်းရတာပေါ့။
သူတို့အကြောင်းကိုကြားရင်ပဲဖြစ်ဖြစ် သူတို့ပုံကိုမြင်ရင်ပဲဖြစ်ဖြစ်ကိုယ့်နဲ့သူ ပတ်သက်ခဲ့ဖူးတဲ့ အတိတ်ကအကြောင်းတွေကို ဖျတ်ခနဲဖြစ်ဖြစ် သတိရသွားတာ ၊ ပြန်မြင်တာမျိုးဖြစ်နေပြီဆိုရင် သူနဲ့ကိုယ် ပြတ်စဲသွားခဲ့ပေမယ့် ကိုယ့်မသိစိတ်ထဲမှာ သူ့အပေါ် လုံးဝမပြတ်သားနိုင်သေးပါဘူး။ သူ့အဖော်နဲ့ ကိုယ့်အခြေအနေ နှိုင်းယှဉ်မိတာမျိုး ဖြစ်နေရင်လည်း သူ့အပေါ်မှာ စိတ်မရှင်းနိုင်သေးပါဘူး။ မရိုးမသား သွားပတ်သက်မှမဟုတ်ဘူး။ ကိုယ့်စိတ်က ရိုးသားစွာ မဆက်ဆံ ၊ မတွေးပေးနိုင်တာကိုက သူ့အပေါ် ကိုယ်မရိုးသားနိုင်သေးတာပါ။ ပြန်တွေးတောခံစားလို့ ကောင်းတာပဲဖြစ်ဖြစ် ၊ မကောင်းတာပဲဖြစ်ဖြစ် သူနဲ့ပတ်သက်တဲ့ခံစားချက် ကိုယ့်မှာလက်ကျန်ရှိနေသေးတာပါ။
တခါတလေမှာ သူနဲ့ပတ်သက်လို့ ကိုယ်ကဘာမှမခံစားရတော့ဘူး။ ရိုးရိုးသားသား ဆက်ဆံနိုင်တယ်ဆိုပေမယ့် သူကကော ခံစားချက်တမျိုးမရှိနေနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ သူ့စိတ်ထဲကိုယ်ဝင်ကြည့်လို့ရတာမှမဟုတ်တာ။ ကိုယ်ကရိုးသားပြီး သူကစိတ်မပြတ်နိုင်သေးတာမျိုးဆိုရင်တော့ တချိန်မှာ ကိုယ့်ကို ၊ ကိုယ့်အချစ်ရေးကို ၊ ကိုယ့်အိမ်ထောင်ရေး တည်ငြိမ်ပျော်ရွှင်မှုကို ခြိမ်းခြောက်လာနိုင်ပါတယ်။
စိတ်ယုတ်မာရှိတဲ့သူနဲ့ ပြန်ပတ်သက်မိတာမျိုးဆို ဟုတ်တာရော ၊ မဟုတ်တာရော သွားပုပ်လေလွင့်လျှောက်ပြောလို့ ကိုယ့်အသိုင်းအဝန်းမှာ မျက်နှာပျက်ရတာမျိုး ၊ ကိုယ့်အလုပ်ခွင်ထဲမှာ မျက်နှာပျက်ရတာမျိုး ၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ဆွေမျိုးအလယ်မှာ မျက်နှာပျက်ရတာမျိုး ၊ အိနြေ္ဒသိက္ခာတွေ ထိပါးပွန်းပဲ့ရတာမျိုးတွေရှိတတ်လို့ ကိုယ်နဲ့ သမီးရည်းစားအဖြစ် ပတ်သက်ခဲ့ဖူးသူကို ပြန်ပတ်သက်ဆက်ဆံရမယ့်အခြေအနေမျိုး ကြုံလာရင် လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်တွေပေါ်မှာဖြစ်ဖြစ် ၊ ပြင်ပဆက်ဆံရေးမှာဖြစ်ဖြစ် သတိကြီးကြီးထားပြီးနေနိုင်ပါမှ ရေရှည်မှာ မိမိရဲ့ တကိုယ်ရည်ပျော်ရွှင်မှု ၊ အချစ်ရေးပျော်ရွှင်မှုနဲ့ မိသားစုပျော်ရွှင်မှုတွေကို မထိခိုက်မှာဖြစ်ပါတယ်။

စိတ်ပြောင်းစိတ်လွှဲ

“ငိုချင်ရက်လက်တို့” ဆိုသူတွေအဖို့ စိတ်ပြောင်းစိတ်လွှဲဆိုတာ အထူးအရေးပါလှတယ်။ ငိုနေတဲ့ကလေးကို မငိုနဲ့ချော့ပြောရုံနဲ့ သူဟာ ခပ်လွယ်လွယ်တိတ်သွားမှာမဟုတ်ပါဘူး။ ချော့ကာမှ ပိုဝမ်းနည်းပြီး ငိုနိုင်ပါတယ်။ ဆုံးရှုံးမှုတွေ ကြုံနေတဲ့သူကို “တရားနဲ့ဖြေ” လို့ သွားပြောရုံနဲ့ သူ့ခံစားမှုဟာ ပြေနိုင်မှာမဟုတ်ပါဘူး။ သမီးရည်းစား သို့မဟုတ် အိမ်ထောင်ရေး အဆင်မပြေလို့ စိတ်ဆင်းရဲနေသူတွေကို “ငကန်းသွား ငစွေ လာမယ်” လို့ ကောင်းလာတာကို မျှော်လင့်ဖို့ပဲဖြစ်ဖြစ် ၊ မကောင်းတဲ့အခြေအနေက လွတ်မြောက်သွားပြီလို့ပဲဖြစ်ဖြစ် ဖြေပြောရုံနဲ့လည်း သူတို့ခံစားမှုတွေဟာ ပြေလျော့သက်သာသွားမှာတော့ မဟုတ်ပါဘူး။
လူကြီးပဲဖြစ်ဖြစ် ၊ ကလေးပဲဖြစ်ဖြစ် ဝမ်းနည်းအားငယ်နေသူတွေ ၊ စိတ်ဓါတ်ကျနေသူတွေ ၊ စိတ်ဆင်းရဲမှုနဲ့ အပူကြီးကြုံနေသူတွေအတွက် အကောင်းဆုံးသော စိတ်ဖြေဖျောက်နည်းက စိတ်ပြောင်းစိတ်လွှဲ လုပ်ပေးတာပဲဖြစ်ပါတယ်။ ငိုနေသူတွေကို မငိုနဲ့လို့မဆိုဘဲ ငါးမိနစ် ၊ ဆယ်မိနစ်လောက်ပဲဖြစ်ဖြစ် သူခံစားနေရတာတွေကို ဖွင့်ထုတ်ပြောဆိုခွင့် သို့မဟုတ် လွတ်လပ်စွာငိုကြွေးခွင့်ပေးလိုက်ပါ။ သတိရတိုင်း တစိမ့်စိမ့်တွေးပြီး မျက်ရည်တွေ စီးကျနေတာထက် အားရပါးရ ရှိုက်ကြီးတငင်ငိုချလိုက်ပြီး လုပ်စရာရှိတာ ဆက်လုပ်မယ်လို့ ဆုံးဖြတ်နိုင်ရင် ပိုမကောင်းဘူးလားနော်။
ကျွန်မကိုယ်တိုင်လည်း ပုထုဇဉ်လူသားပေမို့ အဆင်မပြေတာတွေ ဆက်တိုက်ကြုံဆုံလာပြီး ဖြစ်နေတာတွေက ခံနိုင်ရည်အားထက် ကျော်လွန်နေပြီဆိုရင် တလျောက်လုံး ကိုယ်ထိန်းသိမ်းထားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေ ၊ လတ်တလော ခံစားနေရတဲ့ အပူတွေကို ခံစားမှုသက်သာစေဖို့ အရမ်းငိုချင်လာရင် အားရတဲ့အထိ ငိုပစ်လိုက်တယ်။ မငိုခင်နဲ့ ငိုနေစဉ်မှာလည်း ငိုကြွေးခြင်းဟာ ဒီအခက်အခဲ ပြေလည်သွားအောင် မဖြေရှင်းပေးနိုင်ဘူးလို့ ကောင်းကောင်း နားလည်သဘောပေါက်နေတာမို့ ငိုလို့ဝရင် မျက်နှာထသစ်တာမျိုး ၊ ရေချိုး ခေါင်းလျှော်ပစ်လိုက်တာမျိုးလုပ်ပြီး ကိုယ့်ဆီက အပေါ်ယံငြစ်ငြူးမှုတွေပျောက်သွားအောင်လုပ်တယ်။ ပြီးရင် အစာတခုခုဝင်အောင်စားမယ်။
အပြင်မှာရာသီဥတုကောင်းမွန်ပြီး အချိန်လည်းသင့်တော်မယ်ဆိုရင် အပြင်ထွက်လမ်းလျှောက်တာမျိုးလုပ်တယ်။ ဒီအချိန်မှာ မြင်တွေ့နေရတဲ့ လူတွေရဲ့မျက်နှာကို ရုပ်ရှင်တခု ၊ ပြဇတ်တခု ကြည့်နေသလို အကဲခတ်ကြည့်တယ်။ ဒီအခါမှာ လူတွေဟာ ကိုယ်ရောစိတ်ပါ လွတ်လွတ်လပ်လပ်ပျော်ရွှင်နိုင်တဲ့သူတွေဆိုတာ နည်းနေပြီး လူတိုင်းမှာ သူ့အပူနဲ့သူ တခု မဟုတ် တခုတော့ ရှိနေကြတယ်လို့ ခံစားမိလာတယ်။ ကိုယ်ကသာ ကိုယ့်အပူကိုချည်း ဖိတွေးနေလို့ ငါတစ်ယောက်တည်း အဆင်မပြေတာ ၊ ကံဆိုးနေတာလို့ တွေးမိနေတာပါ။ ကိုယ့်လမ်းထဲမှာ ၊ ကိုယ့်ရပ်ကွက်မှာ ရှိနေတဲ့ လူတွေအတိုင်းအတာနဲ့ပဲ ယှဉ်ကြည့်ဦး။ အပူတွေရှိနေတာ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ တယောက်တမျိုး ပူလောင်ခံစားနေကြရတာပါ။ တကမ္ဘာလုံးနဲ့ယှဉ်ကြည့်ရင် ကိုယ့်အပူက ဘာမှမဟုတ်တော့သလိုပဲ။
ဒါကိုသိမြင်လာပြီဆိုတော့ ငါတစ်ယောက်တည်း မဟုတ်ပါလားဆိုတဲ့စိတ်ကလေးက နည်းနည်း သက်သာရာရစေတယ်။ ဒီလို သက်သာရာရစေတဲ့စိတ်ဟာ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ အပူတွေ ပြန်ဝင်လာနိုင်တာပါပဲ။ ဒီလိုဆို နောက်တဆင့်က အပူတွေကို တွေးမိနေတဲ့စိတ်ကို ပြောင်းလဲပစ်နိုင်ရမယ်။ ပထမနေ့မှာ ရုပ်ရှင်ကြိုက်တဲ့သူက ရုပ်ရှင်တွေကြည့်ပြီး သီချင်းကြိုက်သူတွေက စိတ်အေးသက်သာစေမယ့် သီချင်းတွေနားထောင်လို့ စိတ်ပြောင်းလဲဖို့ ကြိုးစားရမှာဖြစ်သလို ကိုယ်ဝါသနာပါရာလေးတွေ ၊ စိတ်လက်အေးချမ်းစရာလေးတွေ လုပ်ကိုင်ရင်း လက်ရှိအပူတွေကို ဖြေလျော့ဖို့ ကြိုးစားရမှာပါ။ တကယ်ဆိုရင် ဒါတွေလုပ်နေလို့လည်း ဒီအခက်အခဲက အလိုအလျောက် ပြေလည်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဘာမှ မတွေးနိုင်ဘဲ ချောင်တချောင်မှာ တယောက်တည်း ငိုနေတာထက်စာရင်တော့ နည်းနည်း သက်သာလာတဲ့သဘောပေါ့။
ကိုယ့်စိတ်တွေဟာ အခက်အခဲတွေအပေါ်ကို ဝမ်းနည်းအားငယ်စိတ် အခြေခံပြီး မတွေးတော့ဘူးဆိုရင် တော်တော် အခြေအနေကောင်းလာပြီ။ နောက်တဆင့်မှာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုရှေ့ဆက်လုပ်ဆောင်မလဲ ၊ ဘယ်လိုနည်းတွေဟာ ဒီအခြေအနေက ကျော်လွှားနိုင်မလဲဆိုတဲ့ နည်းအသွယ်သွယ်ကို တွေးရမှာပါ။ ဒီလိုတွေးတဲ့နေရာမှာ အပူကို ဦးစားပေးမတွေးပါနဲ့။ တွေးမိရင်လည်း ငွေမရှိတာငါတစ်ယောက်တည်းမဟုတ်ဘူး ၊ အဆင်မပြေတာ ငါတစ်ယောက်တည်းမဟုတ်ဘူး ၊ မကျန်းမာတာ ငါတစ်ယောက်တည်းမဟုတ်ဘူး ၊ ဆုံးရှုံးရတာ ငါပထမဆုံးမဟုတ်ဘူး ၊ အချစ်ဆုံးသူတွေဆိုတာနဲ့ ခွဲခွါရတာ ငါပထမဆုံးမဟုတ်ဘူးဆိုတာကို အပြန်ပြန်အလှန်လှန် သတိပေးထားပါ။ ကိုယ်တိုင်က ဒီအခြေအနေကို အကောင်းဆုံး ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာ အကြံမထွက်ရင် ကိုယ်နဲ့ အခြေအနေတူတဲ့သူတွေ ဘယ်လိုကျော်လွှားသွားကြသလဲဆိုတာ လေ့လာပါ။
လူအမျိုးမျိုးမို့ ဖြေရှင်းပုံ အမျိုးမျိုးရှိနေမှာပါ။ ဒါတွေကို ဘယ်လိုရှာဖွေလေ့လာမလဲ။ ဒီစာကိုဖတ်မိတယ်ဆိုကတည်းက အင်တာနက်သုံးနိုင်ပြီပဲ။ Google မှာ How to handle (………) လို့ ရိုက်ထည့်လိုက်ပါ။ ကွက်လပ်ထဲမှာတော့ ကိုယ်ခံစားနေရတဲ့ အပူကိုရိုက်ထည့်ပေါ့။ ဒီလိုဆို ကိုယ်လိုကြုံတွေ့ခဲ့ရဖူးသူတွေ ဝေမျှထားတဲ့ ဖြေရှင်းနည်းတွေ ၊ အတွေ့အကြုံရင့်သူတွေ အကြံပေးထားတဲ့အရာတွေ ၊ စိတ်ပညာရှင်တွေရဲ့ အကြံပေးမှုတွေလည်း အများအပြား တွေ့ရမှာပါ။ ဒီထဲကမှ ကိုယ်စိတ်တွေ့မယ်ထင်တာလေးတွေ ၊ ကိုယ်နဲ့သင့်မယ်ထင်တာလေးတွေ ချရေးထားပြီး တခုပြီးတခု စမ်းလုပ်ကြည့်ပါ။
ကျွန်မကတော့ စာဖတ်တာဝါသနာပါတော့ ကိုယ့်အပူတွေနဲ့ အာရုံစူးစိုက်မှု အလုံးစုံမရဘူးဆိုသည့်တိုင် Online နဲ့ Offline စာတွေဖတ်နိုင်ဖို့ကြိုးစားတယ်။ ဖတ်ရင်းနဲ့ အာရုံစူးစိုက်နိုင်ပြီဆို ဒီအခက်အခဲကို ဘယ်လိုနည်းနဲ့ ဖြေရှင်းရင်အကောင်းဆုံးလဲဆိုတာ နည်းလမ်းရှာတယ်။ အပူတွေကြုံနေသူတွေကို ကိုယ်နဲ့ကိုယ်ချင်းစာတာမို့ မငိုနဲ့ဆိုတဲ့စကားထက် ဘာကြောင့်ငိုတာလဲဆိုတာကို ဦးစားပေးမေးတယ်။ မငိုနဲ့ဆိုတာက သူများကို ဖြေသိမ့်ပေးရာရောက်သလို အမိန့်ပေးရာလည်းရောက်ပါတယ်။ ဘာကြောင့်ငိုတာလဲဆိုတာကတော့ သူခံစားနေရတာတွေ ကိုယ့်ပြောပြရင်း တနည်းတဖုံ စိတ်ထွက်ပေါက်ပေးဖြစ်အောင် မေးလိုက်တာပါ။ သူပြောပြရင်း ငိုနေတယ်ဆိုရင် သူ့ပုခုံးကိုလက်ကလေးတင်ပြီး ဒါမှမဟုတ် ထွေးဖက်ပြီး အားပေးလိုက်တယ်။ သူဒီလိုခံစားနေချိန်မှာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူ့အနားမှာ ကိုယ်ရှိနေတာ သူသိအောင် ၊ ကိုယ့်ဆီခေါင်းမှေးတင်ငိုလိုရင်လည်း မျှဝေဖို့အဆင်သင့်ဆိုတာ အသံတိတ်အသိပေးလိုက်တာပါ။
ပြီးရင်တော့ ကိုယ်လည်း ဒီလိုကြုံခဲ့ဖူးတယ်။ ဒါပေမယ့် နောက်ပိုင်းအားလုံးအဆင်ပြေသွားဖူးတယ်။ ဒီလိုလုပ်ကြည့်ချင်သလားလို့ မေးလိုက်တယ်။ ဒီလိုမေးရတာက တခါတလေမှာ လူတွေက ဘာမှ မလုပ်ချင် ၊ မကိုင်ချင်တော့အောင် စိတ်ဓါတ်ကျနေတာမျိုး ဖြစ်တတ်တယ်လေ။ ဒီလိုလူမျိုးတွေကို ဒါလုပ်ပါ ၊ ဒီလိုလုပ်ပါ ကိုင်ပါလို့ သွားပြောလို့မရဘူး။ သူတို့ကို စောင့်ကြည့်ရတော့မှာ။ စိတ်ဓါတ်ကျမှုတွေရဲ့အဆုံးမှာ သူတို့က ကိုယ့်ဘဝကိုယ် အဆုံးစီရင်နိုင်တယ်လေ။
ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တာက တခါပဲသေတာဖြစ်ပေမယ့် ကိုယ့်ဘဝကိုယ်သေအောင်လုပ်တဲ့သူတွေကြောင့် သူ့ကိုချစ်တဲ့ ၊ မှီခိုနေတဲ့ မိသားစုတွေပါ သူ့သက်တမ်းအလျောက် စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ ဖြစ်ကြရတာ။ ဒါကြောင့် စိတ်ဓါတ်အကြီးအကျယ်ကျနေသူကို သတိထားစောင့်ကြည့်ပြီး ဘယ်နည်းလမ်းဟာ သူ့စိတ်ပြောင်းလဲစေဖို့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ဘေးကစောင့်ကြည့်သူက အဖြေရှာရမှာဖြစ်ပါတယ်။ ဒါကို စိတ်ပညာရှင်တွေက နားအလည်ဆုံးပါ။
ကျွန်မသမီးလေး တစ်နှစ်မပြည့်တပြည့် အရွယ်ကတည်းက “Crying doesn’t solve any problem”ဆိုတဲ့စကားနဲ့ အသားကျခဲ့ပါတယ်။ ဒါဟာ သူ့ဦးနှောက်ထဲကို ငိုတာဟာ ဘယ်အခက်အခဲကိုမှ မဖြေရှင်းပေးနိုင်ဘူးဆိုတာကို အသိသွင်းပေးခဲ့တာပါ။ ကလေးဆိုတော့ ချစ်တဲ့မိဘကို မမြင်တွေ့ရင် ငိုမှာပါပဲ ၊ နာကျင်ရင်ငိုမှာပါပဲ ၊ လိုတာမရရင် ၊ လုပ်ချင်တာမလုပ်ရရင် ၊ မလုပ်ချင်တာတွေ လုပ်ရရင် ငိုမှာပါပဲ။ ဒါပေမယ့် ငိုခြင်းဟာ တခုတည်းသော နည်းလမ်းကောင်းမဟုတ်ဘူးဆိုတာ သူကောင်းကောင်း နားလည်ထားတော့ ငိုကြောရှည်တာမျိုးတွေမရှိဘူး။
ကလေးကိုငိုအောင်စတတ်သူတွေ သမီးလေးပတ်ဝန်းကျင်မှာမရှိတာမို့ သမီးလေးဟာ အလကားနေ ငိုဖို့တာဆူနေတာမျိုး မရှိခဲ့ဘူး။ အကြောင်းကြောင်းကြောင့် သူငိုခဲ့ရင်လည်း မငိုနဲ့ဆိုတာကိုမဆိုဘဲ သူ့စိတ်အာရုံကို တခြားဘက်ကို ပြောင်းပို့လိုက်တယ်။ ခရုကလေးလိုက်ရှာစို့ ၊ လိပ်ပြာကလေး ဘယ်ရောက်နေလဲ ၊ ငှက်ကလေးဟိုမှာ ဆိုတာမျိုးတွေနဲ့ အာရုံပြောင်းလိုက်တာပါ။ ဒီလိုအာရုံပြောင်းပေမယ့် အလိမ်စကားတွေကို မိဘနှစ်ပါးလုံးကမဆိုပါဘူး။
တကယ်မဖြစ် ၊ မရှိတဲ့အရာတွေကို ဟိုမှာ ဟိုမှာဆိုပြီး ကလေးအာရုံပြောင်းတာမျိုးတွေဟာ ကလေးအတွက် ကောင်းကောင်း အာရုံမပြောင်းနိုင်ဘဲ လူကြီးရဲ့ အလိမ်အညာစကားတွေကို မယုံတာမျိုးတွေအထိ ဖြစ်နိုင်တယ်လေ။ နောင်သူငိုလို့ ဒီလိုစိတ်ပြောင်းစိတ်လွှဲနည်းမျိုးနဲ့ သူအငိုတိတ်အောင် ၊ အာရုံလွှဲဖို့ ခက်သွားနိုင်ပါတယ်။
ကြီးကြီးငယ်ငယ် ဘယ်လိုခက်ခဲတဲ့ အတွေ့အကြုံခံစားမှုမျိုးတွေရှိနေနေ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ဖို့ဆို စိတ်ဓါတ်အင်အား အားကောင်းမှဖြစ်မှာပါ။ ဒီလို စိတ်ဓါတ်အင်အား အားကောင်းဖို့ဆိုတာရဲ့အစခရီးမှာ စိတ်ဓါတ်ကျအားငယ်တာတွေ ရှိမနေဖို့လိုတယ်လေ။ ဒါကြောင့်လည်း စိတ်ဆင်းရဲ ၊ စိတ်ဓါတ်ကျနေတာတွေ ဖြစ်နေပြီး စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ ခံစားနေရတဲ့ ကိုယ့်စိတ်ကို အရင်ပြောင်းလဲနိုင်ပါမှ စိတ်ဓါတ်အင်အားကောင်းကောင်းနဲ့ အခက်အခဲက ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

ဘာပဲကြုံကြုံ ပျော်ပျော်နေတတ်အောင်လို့

ငွေရှိရင် ၊ အောင်မြင်မှုတွေရှိနေရင် အရာရာပြီးပြည့်စုံသွားမယ်လို့ အများစုက ထင်နေကြတယ်။ အောင်မြင်မှုတွေ ရရှိလာလေလေ ကျဆုံးမှာကြောက်စိတ်နဲ့ အောင်မြင်သထက်အောင်မြင်အောင် ၊ အနည်းဆုံး ရရှိထားတဲ့အောင်မြင်မှု တည်မြဲနေအောင် ကြိုးအားရင်း ၊ အားထုတ်ရင်း စိတ်ဖိစီးမှုတွေကို ခံစားလာကြတယ်။ ကိုယ်ကြိုးစားအားထုတ်သလောက် ဖြစ်မလာတဲ့အခါ ၊ ကိုယ့်အောင်မြင်မှုတွေ ယုတ်လျော့လာတဲ့အခါ အောင်မြင်မှုကို မက်မောတွယ်ဖက်ထားရင် တွယ်ဖက်ထားသလောက် စိတ်ဆင်းရဲမှုခံစားကြရတယ်။
နေ့နေ့ညည ဒီအောင်မြင်မှု တခုတည်းရှေးရှုလို့ အရာရာရင်းနှီးမြှုပ်နှံထားတဲ့သူ ၊ တဘဝလုံးကြိုးစားအားထုတ်လာသူတွေဟာ အောင်မြင်မှုရေချိန်ကျလာတဲ့အခါ စိတ်ဓါတ်ကျလာတတ်ကြတယ်။ အောင်မြင်မှုတွေကျဆုံးလေ စိတ်ဓါတ်ကျလေ၊ ဖြစ်နေတာနဲ့ ဖြစ်ချင်တာမကိုက်ညီတဲ့အခါ တချို့တွေက ဘဝကိုအရှုံးပေးလိုက်ပြီး မိမိကိုယ်ကို သေကြောင်းကြံကြတယ်။ တချို့တွေကျတော့ မူးယစ်သောက်စား ၊ လောင်းကစားတွေနဲ့ ပျော်စရာကြံဖန်ရှာကြတယ်။ တချို့ကျတော့လည်း တရားနဲ့ စိတ်ကလေးကို ပြန်ထိန်းတယ်။
တကယ်ဆို မအောင်မြင်ခင် သာမာန်ဘဝလေးနဲ့ ပျော်ရွှင်အောင်နေတတ်ဖို့ လေ့ကျင့်ထားသင့်တယ်။ ကိုယ့်နောက်လိုက်တဲ့သူတွေ များမလာခင် တစ်ယောက်တည်း ပျော်ပျော်နေတတ်ဖို့ လေ့ကျင့်ထားသင့်တယ်။ ပစ္စည်းဥစ္စာတွေ အများကြီးရှိမလာခင် ဘာမှမရှိတဲ့ အနေအထားမှာ ရှိတာနဲ့ရောင့်ရဲကျေနပ်တတ်အောင် လေ့ကျင့်ထားသင့်တယ်။ ဘာတွေရလာ ရလာ မတည်မြဲတဲ့ သဘောတရားကို နှလုံးသွင်းထားသင့်တယ်။ ဒီလိုဆိုရင်တော့ ဘယ်လိုလောကဓံမျိုးပဲလာလာ မကြောက်မရွံ့ ၊ မတုန်မလှုပ် ရင်ဆိုင်နိုင်ပြီ။
ငွေရှိမှ ၊ ဂုဏ်ရှိမှ ၊ အာဏာရှိမှ ၊ အောင်မြင်မှုတွေရနေမှ စိတ်ချမ်းသာတတ်တဲ့သူမျိုးတွေဟာ ဒါတွေမရှိရင် စိတ်ဆင်းရဲကြတော့မှာပါ။ တကယ်ဆို ထားတဲ့စိတ်ထားလေးက စိတ်ချမ်းသာတယ် ၊ စိတ်ဆင်းရဲတယ်ဆိုတာကို ဖြစ်စေတာပါ။ စိတ်ဆင်းရဲမှုတွေ ခံစားရတာလည်း ဒီစိတ် ၊ စိတ်ချမ်းသာမှုတွေ ခံစားရတာလည်း ဒီစိတ် ၊ ဖြစ်ပျက်သွားတဲ့အပေါ် ဘယ်ဘက်ကရှုမြင်လို့ တွေးခေါ်ခံစားသလဲဆိုတာပဲ မူတည်နေတာပါ။
တကယ်ဆို ငွေပေးပြီးဝယ်လို့မရတဲ့အရာတွေ ဘဝမှာ အများကြီးရှိပါတယ်။ အထူးသဖြင့် အဲဒီအရာတွေဟာ ကိုင်တွယ်လို့မရတဲ့အရာတွေ ဖြစ်နေတတ်တာပါ။ ဖြူစင်တဲ့စိတ်ထား ၊ ထားရှိတဲ့စေတနာ ၊ ပေးအပ်တဲ့ မေတ္တာတရား ၊ စောင့်ထိန်းတဲ့သစ္စာ ဒါတွေကို ငွေနဲ့ပေးဝယ်လို့မရဘူး။ စိတ်အေးချမ်းမှုဆိုတာကို ငွေနဲ့ဖန်တီးယူလို့ရတယ်ထင်ပေမယ့် ငွေချမ်းသာပြီး စိတ်ဆင်းရဲနေသူတွေ ၊ နာမည်ကြီးပေမယ့် စိတ်ဓါတ်ကျနေသူတွေ ၊ အောင်မြင်ကျော်ကြားပေမယ့် အထီးကျန်နေသူတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။ မိမိရင်တွင်းက စိတ်အေးချမ်းသာမှုဆိုတာကို မိမိကိုယ်တိုင်ပဲ ဖန်တီးယူရတာပါ။
အပြင်ဘက်ကအရာတွေကြောင့် စိတ်ပျော်ရွှင်ချမ်းသာနေရတာမျိုးဆိုရင်တော့ ဒါတွေမရှိတဲ့တချိန်မှာ စိတ်ဆင်းရဲရတော့မှာပါ။ ဒါကြောင့် ဘာမှမရှိလည်း ပျော်ပျော်နေတတ်အောင် ကြိုးစားပါ။ ဘယ်သူမှ အနားမှာမရှိလည်း တကိုယ်တည်း ပျော်ပျော်နေတတ်အောင် ကြိုးစားပါ။ မိမိရတာနဲ့ ကျေနပ်တတ်အောင် ၊ အမြင့်လှမ်းနေပေမယ့် အောက်ခြေမလွတ်အောင် ၊ ရထားတာတွေကို ဝေမျှရင်း ပီတိစားနိုင်ရင်ဖြင့် ဘယ်အခြေအနေမှာမဆို ပျော်ရွှင်နေနိုင်မှာပါ။ ဘာပဲကြုံကြုံ  ကိုယ့်စိတ်ကို ပြန်လည်ဖြေသိမ့်တတ်ဖို့ ၊ အခက်အခဲက နည်းလမ်းရှာလွတ်မြောက်နိုင်ဖို့ ၊ စိတ်ဆင်းရဲစရာဖြစ်နေရင်တောင် ပျော်စရာတွေ ကြံဖန်တွေးတတ်ဖို့ ၊ ဖြစ်နေတာတွေကို ရင်ဆိုင်ရဲအောင် စိတ်ဓါတ်ခွန်အားတွေ စုဆောင်းဖြေရှင်းလိုက်ဖို့ပဲလိုတာပါ။ ဒါမှလည်း ဘာတွေကြုံကြုံ ပျော်ပျော်နေတတ်တဲ့သူဖြစ်မှာပါ။ လောကဓံဆိုတာကို မမှုတော့ဘူးလေ။ တက်တက် ၊ ကျကျ မမြဲဘူးဆိုတာကို သတိထားဖို့ပဲလိုတာပါ။ အားလုံးအမြဲပျော်ရွှင်နေပါစေ။

ကလေးများအား ထိန်းကွပ်ရလွယ်ကူပြီး သင်ယူလွယ်သော ကလေးများဖြစ်စေခြင်း

ကလေးတွေကို ကောင်းမွန်တဲ့အလေ့အကျင့်ရရှိဖို့ ၊ သွန်သင်ပြောဆို ဆုံးမတဲ့ စကားတွေကို အလွယ်တကူ လိုလိုချင်ချင် နာယူလွယ်အောင် ဘယ်အရွယ်က စတင်သင်ပြမလဲ ။ ဘယ်လို သွန်သင်ဆုံးမစေမလဲ။ ဒီကတဆင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတဲ့ ကလေးငယ်များ ဖြစ်စေဖို့ ၊ လူကြီးမိဘတွေရဲ့ အခြေအနေ ၊ ဖြစ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို မပြောဘဲ အလိုက်တသိ နားလည်အောင် ဘယ်လိုသင်ကြားပေးမလဲ။ ဒါဟာ လူကြီးမိဘတွေအတွက် ခေါင်းခဲစရာပဲ။
အဖြေက ရိုးရှင်းပါတယ်။ သူ့ကိုလုပ်စေချင်တာ ၊ ပြောစေချင်တာတွေ ကိုယ်တိုင်က အရင်လုပ်ပါ။ ပြောဆိုပါ။ ပြုမူပါ။ ဒါတွေကို သူမွေးကင်းစလသားအရွယ် တစ်လ ၊ နှစ်လဆိုတဲ့ အချိန်ကတည်းက သူ့ရှေ့ အကျင့်ဖြစ်နေအောင် ပြုမူပြောဆိုလုပ်ကိုင်ရမှာပါ။ ကိုယ်တိုင်က မလုပ်ဘဲ သူ့ကို ဒါလုပ်တာကောင်းတယ် ၊ ဒါလုပ်ရမယ်လို့ပြောရင် ကလေးဟာ ရေရှည်မှာ ကိုယ်လုပ်တာကိုပဲ လိုက်လုပ်မှာဖြစ်ပြီး သူ့ကို ကောင်းတယ်လို့ သင်ထားတာတွေကို လိုက်လုပ်ချင်မှ လိုက်လုပ်မှာပါ။
ဥပမာ သူ့ကို အသားတွေပဲနွှာကျွေးရင်တောင် သူဟာ ကိုယ့်ပန်းကန်ထဲက အရိုးတွေကို လှမ်းနှိုက်ရင် နှိုက်နိုင်တယ်လေ။ ဒါကို အပြစ်တင်မစောပါနဲ့။ သူတို့ရဲ့ အသိဥာဏ်က လူကြီးမိဘတွေကို အထင်ကြီးတဲ့ စိတ်အခံရှိတယ်။ လူကြီးမိဘကိုတုပြီး လိုက်ပြုမူလုပ်ကိုင်တတ်တယ်။ လူကြီးမိဘတွေ ပြောဆိုသလို ဟန်ပန်အမူအရာနဲ့တကွ မှတ်သားမိအောင် ၊ လိုက်လုပ်တတ်အောင် အချိန်နဲ့အမျှ သင်ယူနေတယ်။ သူပြောနိုင်သည်ရှိစေ ၊ မပြောနိုင်သည်ရှိစေ ၊ လုပ်ပြနိုင်သည်ရှိစေ ၊ မလုပ်ပြနိုင်သည်ရှိစေ သူ့ပတ်ဝန်းကျင်က သူတွေ့ရာ ၊ မြင်ရာ ၊ သင်ယူနိုင်ရာမှန်သမျှတွေကို အတွေ့အထိ ၊ အမြင် ၊ အကြား ၊ အရသာ ၊ အနံ့တွေကနေ လူကြီးတွေပြောဆို လုပ်ကိုင်တာတွေကတဆင့် သင်ယူနေပါတယ်။
ဒီကနေတဆင့် ကောင်းတာ ၊ ဆိုးတာ ၊ ခါးတာ ၊ ချိုတာ ၊ ချဉ်တာ ၊ ဖန်တာ စသဖြင့်နဲ့တကွ သူ့ပတ်ဝန်းကျင်က အရာခပ်သိမ်းသောအရာတွေကို သင်ယူမိအောင် သူအားထုတ်နေပါတယ်။ ဒါကြောင့် ကလေးကို လိမ္မာယဉ်ကျေးစေချင်ရင် မိုက်ရိုင်းဆဲဆိုတတ်သူတွေနဲ့ မွေးကင်းစအရွယ်ကတည်းက အတူမရှိအောင် ကြိုးစားရမှာပါ။ ကလေးကို ယုံကြည်မှုရှိတဲ့ ကလေးအဖြစ် ကြီးပြင်းစေချင်ရင် ကိုယ်တိုင်က ယုံကြည်မှုစတင်ပေးရမယ်။ ကိုယ့်အားကိုယ်ကိုးစိတ် ရှိစေချင်ရင် ကိုယ့်အားကိုယ်ကိုးဖွင့် ဖန်တီးပေးရမယ်။ ကောင်းမွန်သောစကားတွေ ဆိုစေချင်ရင် ကောင်းမွန်သောစကားတွေ ကိုယ်တိုင်က စပြောဆိုပေးရပါမယ်။
တခြားမိဘတွေ ဖြစ်စေချင်သလို ကျွန်မကလေးကို သွန်သင်ဆုံးမရလွယ်သူ ၊ နားလည်သင်ယူလွယ်သူ ၊ သိတတ်တဲ့ကလေး ၊ ကိုယ့်အားကိုယ်ကိုးတဲ့ကလေး ၊ စိတ်ဓါတ်ကြံ့ခိုင်တဲ့ကလေး ၊ ယုံကြည်မှုပြည့်ဝတဲ့ကလေး ဖြစ်စေချင်ပါတယ်။ ဒီအတွက် ကျွန်မကလေးကို ကျွန်မသွန်သင်ဆုံးမခဲ့တာတွေကို ပြန်ဝေမျှပေးပါစေ။
ကျွန်မဟာ မိုးလင်းကနေ မိုးချုပ် ကျွန်မကလေးနဲ့ အမြဲဆိုသလို အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ သူစပြီး လိုက်ဆွဲတတ်နေပြီဖြစ်တဲ့ သုံး ၊ လေးလအရွယ်မှာ သူ့လက်ထဲရောက်သွားတဲ့ ပစ္စည်းကို သူ့အောင်မြင်မှုအဖြစ် “Good” လို့ လက်မထောင် ချီးကျူးလေ့ရှိပါတယ်။ဒါဟာ သူများရဲ့ ကြိုးစားအားထုတ်မှု ၊ အောင်မြင်မှုကို ချီးကျူးဂုဏ်ပြုရမယ် ။ ကောင်းတာလုပ်ရင် ချီးကျူးခံရမယ်လို့ ဒီအရွယ်ကတည်းက သင်ပေးလိုက်တာပါ။ အခုအချိန်အထိ သူကောင်းတာလုပ်တိုင်း “Good” လို့  ချီးကျူးလေ့ရှိပြီး မကောင်းတာလုပ်ရင် “Not good” လို့ ရှုံချလေ့ရှိပါတယ်။
ကိုယ်မကြိုက်တဲ့ပစ္စည်း သူ့လက်ထဲရောက်သွားရင် အတင်းဆွဲလုတာမျိုး ၊ လှမ်းဆွဲယူရကောင်းလား ဆူပူငေါက်ငမ်းတာမျိုး ၊ လက်ထဲကပစ္စည်း လုယူခံလိုက်ရလို့ ငိုသွားတဲ့ကလေးကို ရိုက်တာမျိုးမလုပ်ဘဲ သူစိတ်ဝင်စားလေ့ရှိတဲ့ တခြားပစ္စည်းတခုခုနဲ့ ဖလှယ်ရယူလေ့ရှိပါတယ်။ တပါးသူလက်ထဲက လုယူခြင်းဟာ မကောင်းတဲ့အကျင့်မို့ သူ့လက်ထဲက ပစ္စည်းတွေကိုတောင် မိဘဖြစ်တဲ့ ကျွန်မတို့ဟာ လုယူလေ့မရှိပါဘူး။ အန္တရာယ်ရှိရင် ၊ အရမ်းအရေးကြီးပြီး တန်ဖိုးကြီးတဲ့ပစ္စည်းနဲ့ စာရွက်စာတမ်းတွေဆိုရင် ကလေးမမှီအောင် ၊ မယူနိုင်အောင် အမြင့်တနေရာမှာ ထားလေ့ရှိပါတယ်။
တခါတလေ လဲယူလို့မရဘူးဆိုရင်ကိုယ့်မျက်စိရှေ့ သူကစားခွင့် ခဏတာပေးလိုက်တယ်။ ကလေးဆိုတာ ခဏပဲ ဘာရယ်လို့ စိတ်ဝင်စားစိတ်နဲ့ စူးစမ်းကြည့်တာဖြစ်ပြီး တပါးသူ သို့မဟုတ် လူကြီးမိဘကဆွဲလုရင် ဒါဟာ သူ့အတွက် ပိုစိတ်ဝင်စားစရာ ဖြစ်သွားပါတယ်။ ဒီလိုမဖြစ်ရအောင် သူ့လက်ထဲကပစ္စည်းဟာ ဘယ်လောက်ကိုယ့်အတွက် အရေးကြီးနေပါစေ ကိုယ်က ဘာမှအရေးမကြီးသလို ဟန်ဆောင်သင့်ပါတယ်။ သူ့လက်ထဲရလာတဲ့ပစ္စည်းဟာ ဘာမှစိတ်ဝင်စားစရာမကောင်းဘူးလို့ သူထင်မြင်တာနဲ့ အဲဒါကို တွေ့တဲ့နေရာ ချထားခဲ့နိုင်ပါတယ်။ ဒါကြောင့် သူ့အနီးအနားမှာ သူချတာနဲ့ သူမမြင်အောင်ဖွက်လိုက်နိုင်ဖို့ အသင့်နေခဲ့ပါတယ်။
ငါးလ ၊ ခြောက်လဝန်းကျင် ထိုင်ဖို့ကြိုးစားချိန် ၊ ခုနှစ်လ ၊ ရှစ်လ မတ်တပ်ရပ်ဖို့ကြိုးစားချိန် ၊ ဆယ်လ ၊ ဆယ့်တစ်လ လမ်းလျှောက်ဖို့ ကြိုးစားချိန်တွေမှာ အလဲလဲအပြို ခဏခဏ သူကျခဲ့ဖူးတယ်။ အမြဲသူ့အနား မျက်ခြည်မပြတ် ရှိနေတာမို့ သူကျသွားရင် မျက်စလေးလှမ်းပစ်ပြီး “You, ok?” လို့ လှမ်းမေးတယ်။ ပြန်မဖြေနိုင်သေးပေမယ့် အမေဟာ သူ့ကို မျက်ခြည်မပြတ်ရှိပါလားလို့ သူသိသွားတယ်။ သူ့ဘာသာသူ ထနိုင်လား ဆက်စောင့်ကြည့်တယ်။ အစကတည်းက လဲကျရင် မနာတဲ့ ပတ်ဝန်းကျင်မျိုး ဖန်တီးပေးထားတာမို့ သူအကျနာစရာတော့ မရှိဘူးလေ။ လာထူတဲ့သူမရှိဘူးဆိုရင် သူ့ဘာသာသူ ထဖို့ကြိုးစားပါတယ်။ မထနိုင်ဘူးဆိုရင်တော့ ငိုမယ်လေ။ အဲဒီအခါ ထနည်းကို တခါတည်း တဆင့်ချင်းပြရင်း “လဲရင်ပြန်ထ လူ့ဘဝလို့” သင်ပေးပါတယ်။
ဒါမှမဟုတ်ဘူး ဆက်ငိုနေဦးမယ်ဆိုရင်တော့ ပထမဆုံးအတွေ့အကြုံတွေမို့ ကျင့်သားမရသေးတဲ့သူဟာ ကြောက်လန့်ငိုတာလေ။ ဒီတော့ သူ့ကိုထွေးဖက်ပြီ။ “Pain? Sorry. It’s ok. I am here with you. It’s fine.” လို့ သူ့ကိုကျောလေးပွတ် မျက်ရည်လေးသုတ်ပြီး ပြောလေ့ရှိပါတယ်။ ဒီ့ထက်ပိုလာရင် နို့တိုက်ချော့မော့လိုက်တာပေါ့။ နောက်ပိုင်း ကျင့်သားရလာလို့ သူလဲတယ်။ “You, ok?” လို့ လှမ်းမေးရုံနဲ့ ဆက်ချော့စရာမလိုဘဲ သူ့ဘာသာ ကုန်းထတာမျိုးလုပ်ရင် “Very good” လို့ လက်မထောင် ချီးကျူးလေ့ရှိပါတယ်။
တခါတလေ သူ့ဘာသာ စိတ်တိုလို့ပဲဖြစ်ဖြစ် တခုခုနဲ့ရိုက်တာ ၊ ဆောင့်တာလည်း လုပ်နိုင်ပါသေးတယ်။ ဒီလိုဆိုရင်တော့ ဒီလိုနာအောင် ဘယ်သူလုပ်တာလဲ ၊ မေမေလုပ်သလား ၊ သမီးဘာသာလုပ်တာမဟုတ်ဘူးလား ၊ ကိုယ့်ဘာသာ နာအောင်လုပ်ရင် ကိုယ့်တာဝန်ကိုယ်ယူရတယ် ၊ အော်ငိုနေလို့ အနာမသက်သာလာဘူးဆိုပြီး ကိုယ့်တာဝန်ကိုယ်ယူတတ်ဖို့ သင်ပေးပါတယ်။
သူဆိုးတာမျိုး ၊ မကောင်းတဲ့အကျင့် လုပ်လာတာမျိုးကို စမြင်မြင်ချင်းမှာတင် ဒါဟာ မကောင်းတဲ့အကျင့် ၊ အမေက သမီးလေး ဒီအကျင့်လုပ်တာမကြိုက်ဘူး။ ဒါဟာ ဆိုးတဲ့ကလေးတွေမှလုပ်တာ ၊ မေ့မေ့သမီးက အရမ်းနားလည် သိတတ်လိမ္မာတဲ့ကလေး ဒီအကျင့်နဲ့ မလိုက်ဖက်ဘူးလို့ သူ့ကို နားလည်အောင်ပြောတဲ့အခါ အလွန်ဆုံး နှစ်ခါ ၊ သုံးခါလောက်ပဲ ပြောရတယ်။ ဒီအကျင့်ပျောက်သွားပါတယ်။
ကလေး ဒီလိုမကောင်းတဲ့အကျင့်မျိုး ထပ်လုပ်နေမယ်ဆို သူဒီလိုလုပ်ချိန်မှာ ထပ်ခါ ၊ ထပ်ခါ သူနားလည်တဲ့အထိ နူးညံ့စွာ အကောင်းဘက်က ပြောဆို ဆုံးမရမှာပါ။ အတင်းမလုပ်ရ ၊ မကိုင်ရ ၊ လုပ်ရင် ဆူမယ် ၊ ရိုက်မယ် ဆိုရင် ထပ်ခါထပ်ခါ လုပ်ရင်း သင်ယူတတ်တဲ့ ကလေးတွေဟာ နူးညံ့စွာ သွန်သင်ဆုံးမခြင်းတွေနဲ့ အသားမကျတော့ဘဲ ရိုင်းစိုင်းတတ်လာတယ်လေ။ နောက်ပိုင်း ဆိုဆုံးမရ ပိုခက်ခဲလာတယ်။
ကလေးအမှားလုပ်တိုင်း အပြစ်တင်ပြောဆိုတာမျိုး ၊ ရှက်အောင်ပြောဆိုတာမျိုး ၊ လှောင်သလိုရယ်မောတာမျိုး မလုပ်သင့်ပါဘူး။ တခါတလေ သူဒီလိုအမှားလုပ်တာဟာ ကိုယ့်အတွက် ရယ်စရာဟာသဖြစ်သွားပေမယ့်လို့ ကိုယ်ရယ်ရင် သူ့မှာ အားငယ်စိတ် ဝင်လာတတ်တာ ၊ ရှက်တတ်တာတွေ ဖြစ်ပြီး တပါးသူဒုက္ခရောက်တာ ရယ်သွမ်းသွေးတတ်တဲ့အကျင့် ဖြစ်မသွားရအောင် ရယ်ချင်ပေမယ့်လည်း မရယ်ဘဲ အောင့်အီးခဲ့ရတာတွေ အများကြီးပါ။ တအားရယ်ချင်တယ်ဆို ပါးစပ်ပိတ် ၊ ဆံပင်နဲ့ကွယ်ပြီး တဖက်လှည့်လို့ အသံမထွက်အောင် ကျိတ်ရယ်ခဲ့ရတာတွေလည်းရှိတယ်။ ဆိုလိုတာက အမှားလုပ်မိ ၊ ပြောမိတဲ့ကလေးရှေ့ ဟာသလုပ်ရယ်တာမျိုး ရှောင်ရပါမယ်။ အမှားကို ထောက်ပြရယ်ဖို့ထက် အမှန်ကို သူနားလည်အောင် ပြောဆိုဆုံးမသွန်သင်ရမှာပါ။
ဖိတ်သွားတဲ့ဟာတွေအတွက် နောင်မဖြစ်ဖို့ ၊ သတိထားဖို့ သူ့ကိုပြောဆိုရင်း မေမေ သမီးကြောင့် အလုပ်ပိုသွားပြီ ၊ ရပါတယ် မေမေသန့်ရှင်းလိုက်ပါ့မယ်။ မေမေငယ်ငယ်တုန်းကလည်း သမီးလိုပဲ ဖိတ်ခဲ့ဖူးတယ် ။ နောက်သတိထားလိုက်တော့ မဖိတ်တော့ဘူး။ သမီးရောသတိထားကြည့်ပါလား ဖိတ်မှာမဟုတ်တော့ဘူးလို့ ပြောဆိုတာများတဲ့အခါ ကလေးဟာ မဖိတ်အောင် သတိထားရကောင်းမှန်း သိလာတယ်။ မတော်တဆ သူ့ကြောင့် ဖိတ်သွားခဲ့ရင် ကျွန်မက သန့်ရှင်းဖို့လုံးဝမပြောဆိုခဲ့ပေမယ့် အမေလုပ်တာကို သင်ယူနေတတ်တဲ့ကလေးသဘာဝ သူ့ဘာသာသူ အဝတ်တခုယူပြီး သန့်ရှင်းတာ ၊ ဖိတ်သွားတာတွေ ပြန်ကောက်ပြီးပစ်တာမျိုး လုပ်လာပါတယ်။ ဘယ်အရွယ်ကတည်းကစလဲဆို တစ်နှစ်ခွဲဆိုတဲ့ အရွယ်ဝန်းကျင်ကတည်းက ဒီလိုလုပ်တတ်ခဲ့တာပါ။ နောင်သတိထားဖို့ပဲ ကျွန်မက သင်ပေးခဲ့ပေမယ့် အမေသူ့ကြောင့် အလုပ်များသွားတယ်လို့ သိတတ်နားလည်မှု ၊ ကိုယ်ချင်းစာကူညီမှုတွေကို မသင်ဘဲရလိုက်တာဟာ သူ့ကို ကောင်းမွန်စွာ သွန်သင်ဆုံးမခြင်းရဲ့ ရလဒ်ကောင်းတွေပါ။
သူဆော့တဲ့အရုပ်ကလေးတွေ သူပစ်လိုက်တယ်ဆို ကိုယ်ချင်းစာတတ်ဖို့ ကျွန်မသင်ပေးပါတယ်။ သူလဲကျရင် ဘယ်လောက်နာသလဲ အခု သမီးပစ်လိုက်လို့ အရုပ်ကလေးနာသွားပြီ။ သနားပါတယ်။ မေမေချော့သလို သမီးသွားချော့လိုက်ပါဦးလို့ ကျွန်မကအရုပ်ကလေးသွားချော့ပြီး ပြောဖန်များတဲ့အခါ နောင်မှာ ကျွန်မချော့သလိုမျိုး သူချော့တတ်လာတယ်။ အကြမ်းပတမ်းလုပ်ရင် တပါးသူနာတတ်တယ် ၊ ကိုယ်မကြိုက်တာ တပါးသူကို မလုပ်ရဘူးလို့ သူ့ကိုဒီလိုသင်ပေးခဲ့ပါတယ်။
သူ့အရွယ်နဲ့မတန်သေးဘူးဆိုပေမယ့် သူလုပ်ချင်တာလေးတွေကို အတတ်နိုင်ဆုံး ကိုယ့်မျက်စိရှေ့မှာ သူလုပ်ကိုင်ချင်တဲ့အချိန် လုပ်ခွင့်ပေးတာမျိုး ၊ လုပ်တတ်အောင် သင်ပေးတာမျိုးတွေ အခါခါ လုပ်ပေးတဲ့အခါ သူ့ကြိုးစားမှုနဲ့ အရွယ်မတိုင်ခင် တတ်မြောက်လာတဲ့ အတတ်ကလေးတွေလည်း ရှိလာပါတယ်။ ဒီတော့ သူလုပ်ချင်ရာ လုပ်ခွင့်ပေးတဲ့ မိဘအပေါ် နားလည်သိတတ်စိတ် ၊ သူလုပ်ခွင့်ရအောင် နားလည်သည်အထိ သင်ကြားပြသတဲ့ မိဘအပေါ် ယုံကြည်ကိုးစားစိတ် ၊ ဒီကတဆင့် ကိုယ်တိုင်ကြိုးစားရင်း လုပ်ကိုင်ပြီး လုပ်ကိုင်တတ်လာတဲ့ အောင်မြင်မှုအပေါ် ရရှိတဲ့ပီတိပျော်ရွှင်မှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာကို ကလေးရသွားတယ်လေ။ ဘာတွေ ဘယ်လို သင်ပေးခဲ့သလဲဆိုတာတော့ ကလေးတစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားမှုချင်း မတူနိုင်တာမို့ မဝေမျှတော့ဘူးနော်။ ကိုယ့်ကလေး စိတ်ဝင်စားတာ ၊ လုပ်ကိုင်ချင်တာကို သူလုပ်ကိုင်တတ်ဖို့ သူနားလည်တဲ့အထိ သင်ကြားပြသရင်း လုပ်ကိုင်ခွင့်ပေးဖို့ပဲလိုတာပါ။
မိဘနဲ့သားသမီးကြား ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ နေ့စဉ် အခါအခွင့်သင့်တိုင်း ၊ သူအိပ်ရာဝင်ချိန်တိုင်း ကလေးကို မေမေ ဘယ်လောက်ချစ်တယ် ၊ သမီးလေးဟာ ဘယ်လိုလိမ္မာလို့ မေမေချစ်တယ် ၊ ဒီလိုလိမ်မာတဲ့အတွက် ကျေးဇူးပါလို့ ကျွန်မအမြဲ ပြောပြလေ့ရှိပါတယ်။ တခါတရံ သူလုပ်ချင်တာ ကျွန်မလုပ်ခွင့်မပေးနိုင်တဲ့ အခြေအနေတွေမှာ မေမေ့သမီးကို မေမေသိပ်ချစ်တာလေ ၊ သမီးကို မေမေက စိတ်ချမ်းသာစေချင်တာပေါ့ ၊ ဘာကြောင့် ဒီလိုငိုစေမှာလဲ ၊ သမီးအတွက် ဘယ်လို အန္တရာယ်ရှိနေလို့ ဒါကိုလုပ်ခွင့် မပေးရတာပါဆိုတာလည်း နားလည်အောင် ရှင်းပြလေ့ရှိပါတယ်။
မိဘဟာ သူ့အပေါ် တကယ်ချစ်တယ်လို့ ခံစားရပြီး မိဘရဲ့အချစ်အပေါ် ယုံကြည်မှုရှိတဲ့ကလေးဟာ သူလိုချင်တာ ၊ လုပ်ချင်တာတွေ မရရှိသည့်တိုင် မိဘက ဒီလိုမျိုးနားလည်အောင်ရှင်းပြရင် အမေပြောတာ ဟုတ်တာပဲ။ ဒါဟာ ငါ့အတွက် အန္တရာယ်ရှိလို့နေမှာ ၊ မေမေကငါ့ကို အမြဲလို လုပ်ကိုင်ခွင့်ပေးခဲ့ဖူးတာပဲလို့ ဘာသာဖြေသိမ့်တတ်ပါတယ်။ ဒီလိုဖြေသိမ့်တတ်အောင်လည်း ကိုယ်က ကောင်းမွန်စွာ ပြောဆိုဆုံးမတတ်ဖို့ လိုတယ်လေ။ ဒါဟာ ဆူပူရိုက်နှက် တားဆီးတာထက် ရလဒ် ပိုကောင်းပါတယ်။ ကလေးဟာ နောင်မှာ ကိုယ့်ရှေ့ရော ၊ ကွယ်ရာမှာပါ ကိုယ်မလုပ်စေချင်တာ မလုပ်တော့ဘူးလေ။
လုပ်ချင်တဲ့ဟာ အမေ့ကို အရင်ပြော သမီးအတွက်သင့်တယ်ဆို ဘယ်လိုအခြေအနေဖြစ်ဖြစ် အမေရအောင် လုပ်ပေးမယ်လို့ ကလေးနဲ့ ယုံကြည်မှု တည်ဆောက်ခဲ့ပါတယ်။ စကားမပြောတတ်သေးတဲ့ တစ်နှစ်ဆိုတဲ့အရွယ်ကတည်းက သမီးဟာ သူလိုချင်တာကို လက်ညှိုးထိုးပြတာ ၊ ကျွန်မလက်ဆွဲပြီး အဲဒီဟာပေါ်တင်ပေးတာ စသဖြင့် အမေ့ကို သူဆန္ဒရှိတာကိုသိဖို့ ပြတတ်နေပြီလေ။ သူလိုချင်တဲ့ပူဖောင်းဟာ သူများလက်ထဲက ပူဖောင်းဖြစ်နေမယ်ဆို ကိုယ့်အိတ်ထဲအဆင်သင့်ဆောင်ထားတတ်တဲ့ ပူဖောင်းလေးမှုတ်ပြီး တုတ်တပ်လို့ သူ့လက်ထဲထည့်ပေးလိုက်ရင်း သူများပိုင်ပစ္စည်းကို မတောင်းယူကောင်းဘူး ၊ လူဆိုတာ ကိုယ့်မှာရှိတာနဲ့ ကျေနပ်တတ်ရတယ်လို့ သင်ပေးခဲ့ပါတယ်။
ကလေးနားလည်လာတာနဲ့အမျှ ပိုနားလည်သထက် နားလည်အောင် ပြောဆိုသင်ပြပေးရမှာပါ။ A,B,C,D,1,2,3,4 က၊ ခ၊ဂ၊၁၊၂၊၃ စတဲ့ စကားလုံး ၊အက္ခရာအခြေခံတွေကို သူကျောင်းနေတဲ့အခါ သင်ချင်ချင် ၊ မသင်ချင်ချင်သင်ယူရမှာပါ။ ဒါပေမယ့် လူမှုကျင့်ဝတ် အသေးစိတ်တွေကိုတော့ အိမ်ဆိုတဲ့ကျောင်းကနေ လက်ဦးဆရာ မိနဲ့ဘတွေဆီက သင်ယူရတာပါ။ လက်ဦးဆရာကောင်းရင် ကလေးအကျင့်ကောင်းမယ် ၊ စာရိတ္တကောင်းမယ် ၊ လိမ္မာယဉ်ကျေးမယ် ၊ သိတတ်နားလည်မယ် ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမယ်လေ။ ကလေးဆိုတာ မိဘရဲ့ ကြေးမုံလိုပဲ။ ဒါကြောင့် သားသမီးမကောင်း မိဘခေါင်းလို့ ဆိုတတ်တာပါ။ မိဘက သားသမီးကို ဘယ်လိုသွန်သင်ဆုံးမတယ်အပေါ် အဓိကမူတည်ပြီး ကလေးတွေဟာ အသိဥာဏ်ကွဲပြားလာတာပါ။ မျိုးရိုးဗီဇလည်းပါတယ်လေ။ ဖြူစင်တဲ့ကလေးတိုင်း အဆိပ်အတောက်ကင်းတာမို့ ကလေးတိုင်းကို ယဉ်ကျေးပျော်ရွှင်စွာ ကြီးပြင်းစေလိုပါတယ်။
(မှတ်ချက်။  ။ ကလေးကိုကျွန်မက ဘာလို့ မြန်မာလိုမပြောဘဲ အင်္ဂလိပ်ပြောတာလဲလို့ တွေးနေမိတယ်ဆို ကျွန်မဟာ စင်္ကာပူနိုင်ငံမှာနေသူမို့ ကျွန်မကလေးကို အခြေအနေ တရပ်တည်းမှာ မြန်မာလိုရော ၊ အင်္ဂလိပ်လိုပါ နားလည်အောင် နှစ်ဘာသာပြောလေ့ရှိတဲ့သူလို့ ရှင်းလင်းပါရစေ။ ဒါကြောင့် ကျွန်မကလေးဟာ စကားမပြောတတ်ခင်ကတည်းက နှစ်ဘာသာကို ကောင်းကောင်းနားလည်နေပြီလေ။ ကျွန်မဟာ ဘူးယို ဘိုရူးတော့ မဟုတ်ပါဘူးလို့။ အားလုံး အကောင်းမြင်လို့ နားလည်နိုင်ပါစေ။)

ကိုယ့်ရှိတာကို တန်ဖိုးထားလိုက်ပါ ( Ma Htar Htar Aye ) Read

ကျွန်မတို့မှာ စိတ်ဖိစီးမှုတွေ တိုးသထက် တိုးလာစေတဲ့ အကြောင်းအရင်းတချက်က ကိုယ့်မရှိတဲ့အရာကို ပူလောင်တကြီး ရယူလိုတာပါပဲ။ လိုချင်တဲ့ဆန္ဒကြီးလာလေလေ ပူလောင်မှုတွေ တိုးလာလေလေပါ။
ကိုယ့်မှာမရှိတာကိုပဲ လိုချင်စိတ်ပျင်းပြနေတော့ ကိုယ့်မှာရရှိနေတဲ့အရာကို တန်ဖိုးထားရကောင်းမှန်း မသိတော့ဘူး။ ဒီ့ထက်ဆိုးတဲ့အခြေအနေမှာ ရနေတာကို မလိုချင်တဲ့စိတ်တွေ ဝင်လာပြီး ရှိထားတာကို တန်ဖိုးထားရမယ့်အစား မလိုချင်စိတ်တွေနဲ့ ငြိုငြင်စိတ်တွေ ဝင်လာတတ်ပါတယ်။ ရတာမလို လိုတာမရဆိုတာ ဒါပေါ့။
ရှိနေတဲ့ပစ္စည်းလေးဟာ ဟောင်းနေဦးတော့ … ဒါဟာ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းမို့ အဟောင်းလည်း အဟောင်းအလျောက် တန်ဖိုးထားပါ။ ဝင်လာတဲ့ အသစ်ကိုလည်း အသစ်အလျောက် တန်ဖိုးထားပါ။
ရှိတာကို တန်ဖိုးထားတတ်တော့ မရတာအတွက် သိပ်ပြီး မပူလောင်တော့ဘူး။ လိုချင်တဲ့စိတ်ပျင်းပြရင် ရနိုင်တဲ့ အခြေအနေရှိအောင် ကြိုးစားရမှာပေါ့။ ဒါပေမယ့် အများစုက ကိုယ့်အိမ်ထဲကနေ သူများအိမ်ဘက်ကြည့်ပြီး သူ့မြက်ခင်းက ပိုစိမ်းနေတယ်လို့ ထင်တတ်ကြတယ်။ သူ့အပင်က ပိုသန်တယ် ၊ သူ့ရှိတာက ပိုကောင်းတယ် ၊ သူရထားတွေကမှ ပိုတန်ဖိုးရှိတယ်လို့ ထင်မြင်ယုံကြည်ပြီး ကိုယ့်ဝန်းကိုယ့်အိမ် ၊ ကိုယ့်မိသားစုနဲ့ ကိုယ်ရရှိထားတာတွေကို တန်ဖိုးထားတတ်ဖို့ မေ့လျော့နေကြတာပါ။
ကိုယ်နဲ့တွဲနေတဲ့ချစ်သူကို တန်ဖိုးထားစိတ်ကလေး ဝင်လာဖို့ဆိုတာ သူ့ရဲ့ကောင်းကွက်တွေကို မြင်အောင်ကြည့်ရမှာပါ။ သူ့ရဲ့အားနည်းချက်တွေကိုလည်း နားလည်ဖြည့်တွေးပြီး ကောင်းတာလေးတွေနဲ့ ဖာသင့်ရင်ဖာ ၊ ခွင့်လွှတ်ပေးသင့်ရင် ခွင့်လွှတ်ပေးပြီး ၊ လျစ်လျူရှုပေးသင့်တာတွေကိုလည်း လျစ်လျူရှုပေးရမှာပါ။ သူဟာ ကိုယ်မဟုတ်ဘူးဆိုတာကို နားလည်ထားတဲ့အခါ မတူညီတဲ့ သူ့အတွေး ၊ သူ့ခံယူချက် ၊ သူ့ရည်ရွယ်ချက်တွေဟာ ကိုယ်နဲ့ မကိုက်ညီရင် ညှိသင့်တာတွေညှိပြီး ညှိမရရင်တော့ နောင်အရှည်ဆိုတာကို မျှော်တွေးကြည့်ရမှာပါ။
ကိုယ့်ချစ်သူကို တန်ဖိုးထားဖို့ မသိတဲ့အခါ တခြားသူတွေက ကိုယ့်လူထက် သာတယ်ဆိုတဲ့စိတ် ဝင်လာရင် ရှိရင်းစွဲအချစ်တွေ လျော့ပါးလာမှာဖြစ်ပါတယ်။ ဒီအခါ နားလည်ပေးဖို့မတွေးဘဲ အပြစ်မြင်စိတ်တွေနဲ့ အပြစ်တင်တာတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ ကိုယ်တွေနှစ်ဦးဆက်ဆံရေးဟာ သာယာနာပျော်ဖွယ် မကောင်းတော့ဘူး။ ဒီအခါ ဒီလူနဲ့ကိုယ် အဆင်မပြေဘူးဆိုပြီး ကောင်းမယ်ထင်ရာ နောက်လူနဲ့တွဲ ၊ နောက်လူနဲ့လည်း အဆင်မပြေ ။
ကိုယ့်အနားက လူတွေသာ ပြောင်းသွားတယ်။ သူတို့တွေနဲ့ဆက်ဆံရေးဟာ ရေရှည် ဆက်ဆံရေး ကောင်းမွန်တဲ့အထိ မတည်ဆောက်နိုင်ရင် ကိုယ့်လူမှုဆက်ဆံရေးမှာ ဟာကွက်တွေရှိနေပါပြီ။ ဒါကို ပြင်နိုင်မှဖြစ်မယ်။
သူငယ်ချင်း အယောက်ရာထောင်ချီပြီး ရှိနေဖို့မလိုပါဘူး။ ရှိနေတဲ့သူငယ်ချင်းတွေအပေါ် တန်ဖိုးထားဆက်ဆံပြီး ရေရှည်ခင်မင်မှုဆိုတာ တည်ဆောက်ရမှာပါ။ အရေအတွက်ဟာ အဓိကမဟုတ်ပါဘူး။ အရည်အသွေးကမှ အဓိက ကျတာပါ။ သူငယ်ချင်းတွေ ဘယ်လောက်များများ ကိုယ့်အခက်အခဲတွေကို ယုံကြည်စွာ ရင်ဖွင့်ပြောဆို တိုင်ပင်လို့ရမယ့်လူ တစ်ယောက်မှ ရှိမနေဘူးဆိုရင် ကိုယ့်မှာ သူငယ်ချင်းကောင်း မရှိဘူး ၊ တနည်းအားဖြင့် ကိုယ်ဟာ ပေါင်းသင်းဆက်ဆံရေး တည်ဆောက်မှုမှာ အပေါ်ယံတွေများနေပြီး လေးနက်စွာ မတည်ဆောက်နိုင်သေးဘူးလို့ ယူဆလို့ရပါတယ်။
အိမ်ကဇနီး သို့မဟုတ် ခင်ပွန်းဟာ ကိုယ်မေတ္တာရှိလို့ ရွေးချယ်ပေါင်းသင်းခဲ့တာဆို အဲဒီရှိရင်းစွဲမေတ္တာတွေ တိုးပွားလာအောင် မလုပ်နိုင်ရင်တောင်မှ လျော့ပါးမသွားအောင်တော့ ထိန်းသိမ်းသင့်တယ်။ ကိုယ့်ဇနီးကလွဲရင် တခြားမိန်းမတွေက ပိုလှ ၊ ပိုတော် ၊ ပိုကောင်းတယ်ဆိုတဲ့စိတ်ဝင်လာရင် ၊ ပေါင်းသင်းနေတဲ့ အမျိုးသားကလွဲရင် တခြားအမျိုးသားတွေ ၊ တခြားအိမ်ထောင်ဦးစီးတွေက ပိုအရည်အချင်းရှိပြီး ပိုတော်တယ်လို့ အထင်ကြီးနေရင် ကိုယ့်အိမ်ထောင်ဘက်အပေါ် အထင်သေးစိတ်တွေ တိုးပွားလာဖို့ပဲ ရှိတာပါ။
ကိုယ့်အိမ်ထောင်ဘက်ရဲ့ ကောင်းကွက်တွေကို မမြင်နိုင်ဘဲ အထင်သေးစိတ်တွေ ကြီးစိုးနေမယ် ၊ မကျေနပ်စိတ်တွေ ကြီးစိုးနေမယ်ဆိုရင် သူ့လုပ်ရပ်တွေအပေါ် စိတ်တိုင်းမကျတော့ဘူး။ သူ့ဟာကွက်တွေကို အသားပေးမြင်လာပြီး အပြစ်တွေမြင်လာမယ်။ အပြစ်တွေတင်လာမယ်။ ကိုယ်ဘာလုပ်လုပ် ကိုယ့်အပေါ် မကောင်းဘဲမြင် ၊ မကောင်းဘဲပြောနေပြီး အပြစ်တွေပဲ တင်နေတတ်တဲ့သူဆိုရင် ကိုယ်က ဘယ်လိုသဘောထားမလဲ။
သူ့နေရာကို ဝင်ခံစားပြီး သူ့ခံစားချက်ကို မြင်အောင်ကြည့်ပေးလိုက်မယ်ဆို ကိုယ်ဘာတွေ ပြင်သင့်သလဲဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်သိလာမှာဖြစ်ပါတယ်။ ကိုယ့်အပြောနဲ့ ကိုယ့်လုပ်ဆောင်မှုတွေကို သူ့နေရာက ဝင်မခံစားပေးသရွေ့ ကိုယ်ဟာ သူ့ခံစားချက်ကို ဘယ်သိနိုင်ပါ့မလဲ။ ကိုယ့်ရဲ့တဘက်သတ်အမြင်တွေပဲ ကြီးစိုးနေမှာပါ။
ဒီအိမ်ထောင်ထဲမှာ တိုးပွားလာတဲ့ သားသမီးတွေကို ရတနာလို့ တန်ဖိုးထားပြီး တသသ မလုပ်ရင်တောင်မှ အမှိုက်လို့ သဘောမထားသင့်ပါဘူး။ အမှိုက်တခုလို ၊ အရှုပ်တခုလို ၊ အသုံးမဝင်တဲ့အရာအဖြစ် မြင်နေမယ်ဆိုရင် တန်ဖိုးထားဖို့ထက် ပစ်ပယ်ထားဖို့ များနေပါတယ်။ အဆုံးစွန်မှာ စွန့်ပစ်လိုက်တဲ့အထိ ဖြစ်သွားတတ်တယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။
ကလေးတွေဟာ မိဘတွေဆွဲခေါ်လို့ လူ့လောကထဲ ရောက်လာကြတာပါ။ မိဘတွေသာ နည်းစနစ်ကျကျ သန္ဓေတားခဲ့မယ်ဆို ကလေးဟာ လူ့လောကထဲ မရောက်လာနိုင်ပါဘူး။ ကိုယ်ခေါ်လို့ရောက်လာတဲ့ ကိုယ့်ရင်သွေးတွေကို တန်ဖိုးထားတတ်ဖို့ ၊ နားလည်တတ်ဖို့ ၊ မေတ္တာပေးဖို့ ၊ နည်းမှန်လမ်းမှန် ဆုံးမပဲ့ပြင်ထိန်းသိမ်းဖို့ ၊ မြေတောင်မြှောက်ပေးဖို့ ၊ သူ့ခြေထောက်ပေါ် ရပ်တည်ခွင့်ပေးဖို့ဆိုတဲ့ တာဝန်တွေကို ကိုယ်ကျေပါမှ သားသမီးဟာလည်း မိဘတွေအပေါ် ကိုယ်ပေးတဲ့အတိုင်း ပြန်တုန့်ပြန်မှာပါ။
ဘာတွေ ဘယ်လောက်လုပ်ပေးပေး မေတ္တာထည့်မပေးထားဘူးဆိုရင် ၊ ကိုယ်ထားတဲ့ မေတ္တာ ၊ စေတနာတွေကို သားသမီးတွေနားလည်အောင် မဖော်ပြတတ်ရင် သားသမီးတွေဟာ မိဘတွေဆီက မေတ္တာမခံစားရတဲ့အတွက် သူတို့ကိုယ်တိုင်လည်း မေတ္တာပြန်မပေးတတ်ကြတော့ဘူး။
စိမ်းသက်တဲ့ဆက်ဆံရေးဟာ မိသားစုထဲမှာ ၊ အိမ်ထောင်စုအတွင်းမှာ ရှိနေရင် ကိုယ်တွေဟာ အတူနေတဲ့ အရင်းနှီးဆုံးတစိမ်းတွေ ၊ သွေးသားတော်စပ်ပြီး စိမ်းသက်နေသူတွေ ဖြစ်နေမှာပါ။ ဒါဟာ အချင်းချင်း နွေးထွေးမှုမရှိလို့ ၊ နားလည်မှုမပေးလို့ ၊ မေတ္တာစေတနာတွေ မပေါ်လွင်ကြလို့ ၊ နာစရာတွေဝင်လာလို့ စသဖြင့်သော အကြောင်းအရာတွေကြောင့် ဖြစ်နေနိုင်ပါတယ်။
ကိုယ်ချစ်ခင်တဲ့သူနဲ့ ပျော်ရွှင်စရာဆက်ဆံရေး တည်ထောင်သွားချင်တယ်ဆိုရင် သူ့ဘက်က ဘယ်လိုရှိရှိ ကိုယ့်ဘက်က မေတ္တာ စပေးပါ ၊ နွေးထွေးမှုတွေပေးပါ ၊ နားလည်မှုတွေပေးပါ ၊ ဂရုစိုက်မှုတွေပေးပါ ၊ မအားတဲ့ကြားကပဲ အချိန်ပေးပါ ၊ ကြင်နာယုယမှုတွေပေးပါ ၊ အနစ်နာခံပေးပါ။ ဒီလိုဆိုရင် တဖက်သားက ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ ဂရုစိုက်မှုတွေကို သတိထားမိလာပြီး ကိုယ့်အပေါ် အနှေးနဲ့အမြန် တူညီတဲ့တုန့်ပြန်မှုတွေ ပြန်ပေးလာမှာပါ။ ချစ်ခြင်းမေတ္တာလောက် အရသာရှိတဲ့ခံစားချက် လောကမှာ မပေါ်သေးဘူးလေ။ မေတ္တာပေးမှ မေတ္တာရတာပါ။

မောင်တထမ်း ၊ မယ်တရွက်

မောင်တထမ်း ၊ မယ်တရွက်ဆိုတဲ့စကားလေး အရမ်းနှစ်သက်မိပါတယ်။ ဒီစကားလုံးတွေရဲ့ အနက်အဓိပ္ပါယ်ဟာ တွေးရင် တွေးသလောက် လေးနက်တယ်လေ။ ရှိနေတဲ့ဝန်တွေကို မောင်ကထမ်းပြီး မယ်ကရွက်တာပေါ့။ မောင်က ထမ်းပိုးနေတဲ့အချိန်မှာ မယ်က နိုင်သလောက်ရွက်ကူတဲ့သဘော ။ မယ်ကရွက်နေတဲ့အချိန်မှာ မောင်က နိုင်သလောက်ထမ်းကူတဲ့သဘော။ သူထမ်းရရင် ကိုယ်ရွက်သင့်တယ် ၊ သူရွက်ရင် ကိုယ်ထမ်းသင့်တယ်ဆိုတဲ့ ဝတ္တရားအမြင်ထက် မေတ္တာအမြင်လေး ထည့်လိုက်တဲ့အခါမှာ ကိုယ်ချစ်တဲ့တဘက်လူ သက်သာလို သက်သာငြား နိုင်သလောက် ဝင်ကူတယ်ဆိုတဲ့သဘော ရောက်သွားတဲ့အတွက် နှစ်ဦးနှစ်ဖက်ရဲ့ မေတ္တတရားကို ကြားရသူ ၊ မြင်ရသူတွေ ကြည်နူးစေမှာအမှန်ပါ။
ထမ်းတယ် ၊ ရွက်တယ်ဆိုတာ အခြေနိမ့်တဲ့သူတွေအလုပ်ပဲ ထင်နေရင်မှားမှာပေါ့။ ကုန်ပစ္စည်းဝန်တွေကိုပဲ ထမ်းစရာ ၊ ရွက်စရာလို့ ထင်မြင်နေပြီဆိုကတည်းက မှားနေပြီ။ သမီးရည်းစား ချစ်ရည်မျှပြီဆိုကတည်းက ၊ လူနှစ်ဦး လက်ထပ်ပေါင်းသင်းလိုက်ပြီဆိုကတည်းက တယောက်ဝန်တစ်ယောက် နိုင်သလောက် ကူထမ်းကြမယ် ၊ ဘဝတလျောက်လုံး မျှဝေခံစားကြမယ်လို့ သဘောတူညီထားကြတာပါ။
သမီးရည်းစားဘဝမှာ သူ့လွယ်တဲ့အိတ်ကလေး ကူဆွဲပေးတာ ၊ သူသယ်တဲ့အထုပ်ကလေး ကူဆွဲပေးတာ တဘက်လူအတွက် ကြည်နူးစရာပဲ။ ဒီ့ထက်ပိုလာရင် သူ့အလုပ်က စိတ်ဖိစီးမှုတွေ ၊ လူမှုရေးအဆင်မပြေမှုတွေ ၊ အိမ်တွင်းရေးအဆင်မပြေမှုတွေကို နားထောင်လို့ ဝေမျှခံစားပေးမယ် ၊ လိုအပ်ရင် နှစ်သိမ့်မယ် ၊ နိုင်တာလေးဝင်ကူပေးမယ်။ ဒီလိုလုပ်ပေးတဲ့အခါ တဘက်သူ ကိုယ့်ရည်းစားက မိန်းမ ၊ ယောကျာ်းမဟူ အတော် စိတ်ကြည်နူးမိမှာပဲ။ ဘဝနှစ်ခု ပေါင်းဖက်မှု မပြုကြသေးသည့်တိုင် မျှဝေခံစားမှုဆိုတာကို ခုကတည်းက လေ့ကျင့်ယူနေတာမဟုတ်လား။ ဒါတွေက ချစ်သူရဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ စိတ်ခံစားမှုတွေ ၊ အပူတွေကို ဝေမျှယူရင်း သူ့စိတ်ခံစားမှုတွေ ပေါ့ပါးအောင် နိုင်သမျှကူပြီး နားထောင်ပေး ၊ နှစ်သိမ့်ပေး ၊ ဝင်ကူနိုင်တာ ဝင်ကူပြီး မောင်တထမ်း ၊ မယ်တရွက်ဆိုတဲ့ စကားလေးအတိုင်း လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
လက်ထပ်ပြီးတဲ့စုံတွဲတွေကျတော့ ဒီလောက်လေး လုပ်ပေးနေရုံနဲ့ မလုံလောက်တော့ဘူး။ လက်ထပ်လိုက်ပြီဆိုကတည်းက တမိုးအောက် နှစ်ယောက်အတူ တဘဝစာ လူလူချင်း အရင်းနှီးဆုံး ဝေမျှခံစားကြမယ်လို့ သဘောတူလိုက်တာဖြစ်ပါတယ်။ ဒီလိုဝေမျှခံစားတယ်ဆိုတဲ့အရာတွေထဲမှာ သူ့ကိုယ် ၊ ကိုယ့်ကိုယ်အပြင် သူ့စိတ်ခံစားမှု ၊ ကိုယ့်စိတ်ခံစားမှုတွေလည်း ပါဝင်နေရပါမယ်။ ဒါ့အပြင် ဘဝမှာကြုံလာတဲ့ အခက်အခဲတွေကိုလည်း နှစ်ယောက်တိုင်ပင် ဖြေရှင်းကြမယ်ဆိုတဲ့ အခက်အခဲဆိုင်ရာ ဖြေရှင်းမှုလည်းရှိရမယ်။ ဒီလိုအခက်တွေထဲမှာ ငွေကြေးအခက်အခဲ ၊ စားဝတ်နေရေးအခက်အခဲ ၊ လူမှုရေးအခက်အခဲတွေအပြင် နောင်မှာ သားရေး ၊ သမီးရေး ဆိုတာတွေလည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။
သမီးရည်းစားဆိုတဲ့ကဏ္ဍဟာ ရေပေါ်ဆီကဏ္ဍလေးပဲဖြစ်ပါတယ်။ ဆိုလိုတာက အပေါ်ယံလေးပါ။ တနေ့တာ (၂၄)နာရီဆိုတဲ့အချိန်ကလေးမှာ နှစ်ယောက် ပူးပူးကပ်ကပ် တီတီတာတာရှိချိန် နာရီပိုင်းလေးအတွင်းမှာ ဆက်သွယ်တဲ့ ဆက်နွယ်မှုလေးပါ။ ဒီလိုအချိန်တိုကလေးမှာ ဟန်ဆောင်သူတွေက ဟန်ဆောင်နိုင်တယ်။ ဒီလိုအချိန်တိုကလေးမှာ  မကောင်းကွက်တွေချန်ထားပြီး ကောင်းကွက်တွေကိုပဲ ရွေးခံစားလို့လည်းရပါတယ်။ ဒီလိုအချိန်တိုကလေးမှာ  မကောင်းကွက်တွေ ဖုံးထားပြီး ကောင်းကွက်တွေပဲ ဖော်ထားလို့လည်း ရပါတယ်။ အထူးသဖြင့် အချစ်တွေ ဖုံးနေ ၊ မွှန်နေတော့ ရေပေါ်ဆီလေးပဲမြင်ပြီး အောက်မှာ အနည်ထိုင်နေတာတွေကို အတွေးနက်နက်ထားပြီး မြင်အောင်မကြည့်နိုင်ကြတာပါ။ တကယ်မြင်အောင်ကြည့်ရင် မြင်ပါတယ်။
ဘာတွေကို မြင်အောင်ကြည့်ရမလဲဆိုရင် သူနဲ့ကိုယ်ရဲ့ သဘောထားကွဲလွဲမှုတွေ ၊ ခံယူချက်ကွဲလွဲမှုတွေ ၊ ငဲ့ညှာထောက်ထားမှုတွေ ၊ ယုယကြင်နာမှုတွေ ၊ နားလည်ပေးနိုင်မှုတွေ ၊ သည်းခံပေးနိုင်မှုတွေ ၊ ခွင့်လွှတ်ပေးနိုင်မှုတွေ ဒါတွေဟာ နက်ရှိုင်းမှု ရှိမရှိ ၊ ညှိနှိုင်းမှု ရှိမရှိ ၊ သူ့အတ္တရှေ့ထားမှု ရှိမရှိ ဆိုတာတွေ ဒီအချိန်မှာ အကဲဖြတ်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။
ဒီလိုအချိန်တိုလေး တွေ့ဆုံနေချိန်မှာတောင် စကားများရန်ဖြစ်နေရရင် ၊ သဘောထားအမြင်တွေ ကွဲလွဲမှုကြီး အတိုင်းသားဖြစ်နေတာတွေ ၊ ခံယူချက်ပြောင်းပြန်ဖြစ်နေတာတွေ ၊ စကားများရန်ဖြစ်တိုင်း သူပြောတဲ့စကားတွေ ၊ အပြုအမူတွေဟာ ကိုယ့်အပေါ် ငဲ့ညှာထောက်ထားမှု ရှိမရှိဆိုတာတွေ ၊ ကိုယ့်ဘက်က အကျိုးအကြောင်း ခိုင်လုံစွာ ရှင်းပြသည့်တိုင်အောင် နားလည်ပေးနိုင်မှုရှိမရှိ ၊ ညှိနှိုင်းမှုရှိမရှိ ၊ သည်းခံခွင့်လွှတ်နိုင်စွမ်း ရှိမရှိ ဆိုတာတွေကို သမီးရည်းစားဘဝမှာ ကိုယ့်အချစ်တွေ ၊ ခံစားချက်တွေကို ရှေ့တန်းမတင်ဘဲ မြင်အောင်ကြည့်ရမှာဖြစ်ပါတယ်။

သမီးရည်းစားဘဝမှာ အချစ်တွေမွှန်ပြီး အပေါ်ယံ ရေပေါ်ဆီဆက်ဆံရေးမှာသာယာလို့ အတွင်းကျကျ သူ့အကြောင်းတွေ မြင်အောင်မကြည့်နိုင်ခဲ့ဘူးဆိုရင် ကိုယ်ညံ့လို့ဖြစ်ပါတယ်။ သူ့ကိုတောင် အကဲမဖြတ်နိုင်တဲ့ကိုယ်ဟာ သူ့မိသားစုရဲ့ နောက်ခံကိုကော အကဲဖြတ်နိုင်ပါ့မလား။ 
သူနဲ့ တဘဝစာလက်တွဲချင်တယ်ဆို သူ့အကြောင်းသိဖို့အပြင် သူ့မိသားစုတွေရဲ့ စိတ်ထား ၊ စာရိတ္တနဲ့ ပြုမူနေထိုင်ဆောင်ရွက်ပုံတွေ ၊ ကိုယ့်အပေါ်ဆက်ဆံမှုတွေဟာ ရေရှည်မှာ ကိုယ်နဲ့ကိုက်ညီမှု ရှိမရှိ ၊ သူ့အပြင် သူ့မိသားစုတွေကိုလည်း ကိုယ့်မိသားစုဝင်တွေကို သဘောထားနိုင်မှု ရှိမရှိ ၊ တဘဝစာ ဆွေမျိုးအသိုင်းအဝန်းတွေအဖြစ် ပေါင်းစပ်သွားနိုင်မှု ရှိမရှိ ဆိုတာတွေကိုလည်း လေ့လာအကဲဖြတ်ရဦးမယ်လေ။ ချစ်တာတခုပဲဦးထိပ်ထားလို့ သူနဲ့ ရွှေလက်တွဲလို့ ဘဝတခုတည်ဆောက်ပြီးကာမှ ဘွာတေး မှားသွားလို့ဆိုရင် အပျို ၊ လူပျိုဘဝနဲ့ ခြေလှမ်းပြန်နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အနည်းဆုံး တခုလပ် ဆိုတဲ့ ဂုဏ်ပုဒ်လေးတော့ ကိုယ့်နောက်ပါလာမှာပါ။ ဒီ့ထက်ပိုကျွံသွားရင် ကလေးတွေလည်း အဆစ်ပါဦးမယ်လေ။
ယူပြီး သူ့ဘာသာသူ အဆင်ပြေသွားမှာပါဆိုတဲ့ အပျို ၊ လူပျိုတွေယူပြီး သူ့ဘာသာသူ အဆင်ပြေသွားရင်ကောင်းပေမယ့် အဆင်မပြေခဲ့ရင် ဘယ်သူမဆို နစ်နာတာပါပဲ။ အနစ်နာဆုံးကတော့ သားသမီးတွေဖြစ်မှာပါ။
ယူပြီး သူ့ဘာသာသူ အဆင်ပြေသွားမှာပါလို့ ပေါ့ပေါ့လေးတွေးထားတဲ့ အပျို ၊ လူပျိုတွေကို အိမ်ထောင်သည်တွေရဲ့ ဝတ္တရားနဲ့ တာဝန်တွေ မိတ်ဆက်ပေးချင်ပါတယ်။ တီးမိခေါက်မိရှိတာပေါ့။ အိမ်ထောင်တခု တည်ထောင်တယ်ဆိုတာဟာ လူနှစ်ယောက်တည်း ပေါင်းစပ်တာမဟုတ်ပါဘူး။ သူနဲ့ကိုယ်တင်မက သူ့မိသားစုနဲ့ ကိုယ့်မိသားစုဟာလည်း ဆွေမျိုးတွေအဖြစ် ပေါင်းစပ်လိုက်တာပါ။ သူ့ယူရင် သူ့မိဘကို ကိုယ်နဲ့မဆိုင်ဘူးလို့ ပစ်ပယ်ထားလို့မရပါဘူး။
သူ့မိဘကို ကိုယ့်မိဘလို့ သဘောထားနိုင်မှ ကိုယ့်အိမ်ထောင်ဖက်နဲ့ကိုယ် ရေရှည်အဆင်ပြေမှာဖြစ်ပါတယ်။ သူ့မောင်နှမတွေကိုလည်း တစိမ်းတွေလို့ ခံယူထားလို့ မရတော့ပါဘူး။ ဒီမိသားစုတွေကို သူက ထောက်ပံ့ပေးနေရတယ်ဆိုရင် သူ့ဝင်ငွေအကုန် ကိုယ့်လက်ထဲရချင်လို့ မဖြစ်ပါဘူး။ ဒီမိဘနဲ့မောင်နှမဆိုတာ ၊ သူ့ဆွေမျိုးတွေဆိုတာ သူ့တသက်တာအတွက် တည်မြဲသွားမယ့်အရာတွေပါ။ ပြောင်းလဲလို့မရဘူး။ ပြောင်းမယ့်ပြောင်း ဇနီး ၊ ခင်ပွန်းဆိုသူတွေသာ ပြောင်းသွားလို့ရတာပါ။ ဒါကြောင့် သူ့ကိုချစ်ရင် သူ့အသိုင်းအဝန်းကိုလည်း ချစ်နိုင်မှ အိမ်ထောင်တခု ရေရှည်တည်မြဲနိုင်မှာဖြစ်ပါတယ်။
သူ့ကိုတော့ချစ်တယ်။ သူ့အသိုင်းအဝန်းနဲ့ကိုယ် မကိုက်ညီဘူးလို့ ခံစားရပြီဆိုတာနဲ့ ကိုယ့်ချစ်သူဟာ သူ့မိသားစုနဲ့ ကိုယ့်အကြား မျှမျှတတ ဆက်ဆံနိုင်သူလား လေ့လာရမှာပါ။ ကိုယ့်ဘက်လုံးဝပါတယ်ဆိုရင် အိမ်ခွဲနေဖို့ အရေးဆိုတန်ဆို ၊ ငွေစုတန်စုဆိုတာတွေကို မယူခင်ကတည်းက ကြို ပြင်ဆင်ထားနိုင်မှ သူ့မိသားစုတွေအကြား မျက်နှာမနာမှာဖြစ်ပါတယ်။ သူ့မိသားစုနဲ့ အတူလိုက်နေပြီးမှ အိမ်ခွဲနေဖို့စီစဉ်မယ်ဆိုရင် စောစောစီစဉ်နိုင်ရင်တောင် နှစ်တွေနဲ့ချီကြာဦးမှာပါ။ ဒီအကြားမှာ သဘောထားကွဲလွဲ စကားများတာ ၊ ရန်ဖြစ်တာ ၊ အဆင်မပြေတာတွေကြောင့် နောင်မှာ သူ့တို့မျက်နှာ ကိုယ်မကြည့်ချင် ၊ ကိုယ့်မျက်နှာ သူတို့မကြည့်ချင်တဲ့ အခြေအနေအထိ ကြုံလာနိုင်တာမို့ အစကတည်းက အိမ်ခွဲနေနိုင်ရင် သင့်တင့်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
တအိုးတအိမ်ထူထောင်လိုက်တယ်ဆိုပေမယ့် ကိုယ်တွေဟာ သားသမီးဝတ္တရားဖြစ်တဲ့ မိဘထောက်ပံ့ခြင်းအမှုကိုလည်း အနည်းဆုံး တနှစ်တကြိမ် သီတင်းကျွတ်ဖြစ်ဖြစ် ၊ သင်္ကြန်ဖြစ်ဖြစ် ၊ မိဘတွေ မွေးနေ့မှာဖြစ်ဖြစ် ဟိုဘက် ၊ ဒီဘက် မျှတအောင် ထောက်ပံ့ပေးပါမှ ကြွေးဟောင်းဆပ်နိုင်တဲ့ သားသမီးကောင်းတွေဖြစ်မှာပါ။ ဒီလိုမှမဟုတ်ရင် ကိုယ်တွေ အိုသွားတဲ့အခါမှာ ကိုယ်တဘဝစာ ပုံအောလို့ ပြုစုပျိုးထောင်ပေးလိုက်တဲ့ သားသမီးတွေရဲ့ ပစ်ပယ်ထားမှုကို ခံရနိုင်ပါတယ်။
ဝဋ်ဆိုတာ လည်တတ်သလို ကိုယ့်သားသမီးတွေက ကိုယ် ဘယ်လိုအမူအကျင့်မျိုး ကျင့်သုံးပြုမူနေတယ်လို့ အမြဲနည်းနာယူနေတာဖြစ်ပါတယ်။ ကိုယ်က ကိုယ့်မိဘတွေ ဆက်ဆံသလို သူတို့ကလည်း ကိုယ့်ကို ဆက်ဆံမှာဖြစ်ပါတယ်။ ဒီလိုမိဘတွေ ထောက်ပံ့တဲ့နေရာမှာလည်း ဇနီးမောင်နှံနှစ်ဦးစလုံး နှစ်ဘက်မိဘအပေါ် မျှမျှတတဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်မိသားစုအတွက်လည်း စုသလို သူ့မိဘ ၊ ကိုယ့်မိဘတွေကိုလည်း ထောက်ပံ့ပေးရမှာ လူ့ကျင့်ဝတ်တခုဖြစ်ပါတယ်။ ဘယ်လောက်ပြည့်စုံတဲ့မိဘဖြစ်ပစေ။ သားသမီးတွေရဲ့ သိတတ်မှုကိုတော့ မိဘတိုင်းကခံစားပြီး ပီတိဖြစ်လိုကြပါတယ်။
တအိုးတအိမ်ထူထောင်လိုက်ပြီဆိုကတည်းက အပျိုလူပျိုတုန်းကလို ပျော်သလိုနေလို့မရတော့ဘူး။ အိမ်မှာ ဆီ၊ ဆားမရှိတာကို ဖြည့်ပေးဖို့မတွေးဘဲ ကိုယ့်တဝမ်းစာ အပြင်ထွက်စားလို့ မရတော့ဘူး။ အိမ်ကမိသားစု ဝမ်းတထွာ ပြည့်ဝစွာစားနိုင်ဖို့ ဖြည့်တင်းရမယ်။ ခင်ပွန်းလုပ်စာနဲ့မလောက်ရင် ဇနီးပါထွက်ပြီး အလုပ်လုပ်ရမယ်။ ဒါဟာ မောင်တထမ်း မယ်တရွက် လုပ်နေတာပဲပေါ့။
ခင်ပွန်းက မိသားစုအတွက် မနိုင့်တနိုင်ကြီး ဝန်ထမ်းနေရရင် ဇနီးမယားကပါ ကိုယ်နိုင်တဲ့ဝန်လေး ဝင်ထမ်းမယ်ဆိုတာ အိမ်ထောင်တခုရဲ့ ဝတ္တရားဆိုတာထက် မေတ္တာတရားကို အခြေခံထားတဲ့ စေတနာနဲ့ဆို ပိုကြည်နူးစရာကောင်းပါတယ်။ စားစရာငတ်နေသည့်တိုင်အောင် မေတ္တာမငတ်ရင် ဝမ်းဝနေသလိုရှိပါတယ်။ စားစရာတွေပုံနေပေမယ့် မေတ္တာငတ်နေရင်တော့ ရှေ့ မှာပုံနေတဲ့အစာတွေကိုတောင် စားချင်စိတ်မရှိပါဘူး။ ထားတဲ့စိတ်ကလေးနဲ့ မေတ္တာတရားက အဓိက လိုအပ်ချက်ပဲလေ။ မေတ္တာစိတ် ကြီးမားလွန်းတဲ့အခါမှာ ထားတဲ့မေတ္တာကြောင့် မဖြစ်နိုင်ဘူးထင်ထားတဲ့အရာတွေကိုတောင် လုပ်နိုင်စွမ်းရှိပါတယ်။ မယုံမရှိပါနဲ့။
အလုပ်က ပင်ပင်ပန်းပန်းပြန်လာတဲ့ခင်ပွန်းကို ချိုသာတဲ့စကားနဲ့ ခရီးဦးကြိုပြုတဲ့ဇနီး ၊ ထမင်းပွဲပူပူနွေးနွေးနဲ့ စောင့်ကြိုနေတဲ့ဇနီး ၊ အိမ်ထောင့်တာဝန်တွေ မလစ်ဟင်းအောင် ထမ်းဆောင်နေတဲ့ ဇနီးမယားဟာလည်း မောင်တထမ်း မယ်တရွက် လုပ်နေတာပါ။ ငွေရအောင် အပြင်ထွက်လုပ်မှ အိမ်ထောင့်တာဝန် မျှထမ်းတယ်လို့ မမှတ်ဘဲ အိမ်ရဲ့တာဝန်တွေ မလစ်ဟင်းရအောင် ၊ စားချိန်တန်စားဖို့အစာတွေရှိအောင် ၊ ဝတ်ချိန်တန် အချိန်နဲ့အခါနဲ့ ဝတ်စရာတွေရှိအောင် ၊ သားသမီးတွေရဲ့တာဝန်တွေ မလစ်ဟင်းရအောင် စီမံပေးနေတဲ့ အိမ်ထောင်ရှင်မတာဝန်ဟာ ဝင်ငွေမရှိပေမယ့် တော်ရုံအမျိုးသမီးတွေ ကျေပွန်စွာ မထမ်းနိုင်တဲ့ ဝတ္တရားတွေပါ။
ကိုယ့်ဇနီးမယားက ဒီဝတ္တရားတွေကျေပွန်တယ်ဆို ကိုယ်နဲ့ ကိုယ့်သားသမီးတွေအပေါ် ထားရှိတဲ့သူမရဲ့ မေတ္တာစေတနာကို ချီးကျူးဂုဏ်ပြုစကားတွေ မကြာမကြာ ပြောပေးပါ။  ကိုယ်တွေအပေါ်ထားရှိတဲ့ သူမရဲ့ မေတ္တာစေတနာဟာ ကြီးမားလှပါတယ်။ တတ်ထားတဲ့ပညာတွေကို မီးဖိုချောင်ထဲစွန့်ပစ်ထားပြီး ကလေးချီးသေးကအစ လုပ်ပေးနိုင်တဲ့ သူမရဲ့မေတ္တာစေတနာဟာ မကြီးမားပေဘူးလား။ ငွေဝင်နိုင်တဲ့အလုပ်ကို မလုပ်ဘဲ ကိုယ့်သွေးသားတွေကို သူများလက် စိတ်မချရဲလောက်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ငွေမရတဲ့အလုပ်တွေကို လုပ်ကိုင်ရင်း သူမဘဝကို မြှုပ်နှံလိုက်တယ်ဆိုတာ တော်ရုံမေတ္တာမျိုးတော့ မဟုတ်ဘူးလေ။ အလုပ်လည်းလုပ် အိမ်မှုကိစ္စလည်း ထမ်းနေရတဲ့ အိမ်ရှင်မတွေကို သနားငဲ့ညှာပါ။
ဆေးစရာအိုးခွက်ပန်းကန်တွေပုံနေတဲ့ ဇနီးမယားကိုစာနာပြီး စားပွဲကလေးသန့်ရှင်းပေးတာ ၊ ကလေးတွေကို စာကူပြပေးတာ ၊ တံမြက်စည်းလေး ကောက်လှည်းပေးတာ ၊ အိပ်ယာကလေး ဝင်ခါပေးတာတွေဟာလည်း မောင်တထမ်း ၊ မယ်တရွက်လုပ်တာပါပဲ။ ဇယ်ဆက်အောင်လုပ်ရမယ့် သူမရဲ့တာဝန်တွေကို ကိုယ်နိုင်သမျှ ဝင်ထမ်းပေးလိုက်တာလေ။ ဒါတွေလုပ်ပေးရမယ်လို့ ဘယ်လိုသိသလဲဆိုရင် မေတ္တာအခြေခံထားလို့ ဝတ္တရားရှိတယ် မခံယူဘဲ စေတနာဖြည့်စွက် လုပ်ပေးလိုက်တဲ့အတွက် မြင်ရသူမှာ ကြည်နူးတယ်။ ခံစားရသူလည်း ပီတိဖြစ်တယ်။
ကိုယ်တွေမိသားစု စားချိန်တန်စား ၊ ဝတ်ချိန်တန်ဝတ်ရအောင် ရှာဖွေကျွေးမွေးနေတဲ့ ခင်ပွန်းတာဝန်ကတော့ ပြောစရာမရှိအောင် အိမ်ထောင့်တာဝန်ထမ်းနေသူပေါ့။ လောက်ငအောင် ဝင်ငွေမရှိတဲ့ ခင်ပွန်းရဲဝင်ငွေလေးကို နည်းလှချည်ရဲ့ အပြစ်မတင်ဘဲ လောက်ငအောင် သုံးတတ်ဖို့ ၊ မလောက်ငရင် အပိုဝင်ငွေရှာတတ်ဖို့ ကြိုးစားရမှာပေါ့။ လေသွားမယ့် ငွေယိုပေါက်တွေကို စိစစ်နိုင်ပြီဆိုရင် ဒါလည်း မယားတစ်ယောက်အနေနဲ့ မောင်တထမ်း ၊ မယ်တရွက် လုပ်ဆောင်ခြင်းပါ။
အိမ်ထောင့်တာဝန်တွေဆိုတာ မိသားစုစားဝတ်နေရေးတင်မဟုတ်ဘူး ၊ မိသားစုကျန်းမာရေးလည်းရှိသေးတယ် ၊ အလုပ်အကိုင်အဆင့် ဆက်မြင့်မားဖို့ ဖွေရှာရမယ့် ပညာရေးဆိုတာလည်း ရှိသေးတယ် ၊ သားသမီးတွေရဲ့ ပညာရေးဆိုတာလည်း ရှိသေးတယ်။ အိမ်ထောင်စု သာယာပျော်ရွှင်ရေးအတွက် အသုံပြုရမယ့်ငွေ ၊ မိသားစု လည်ပတ်စားသောက်နိုင်တဲ့ငွေ ၊ မိသားစုအတွက်ပေးတဲ့အချိန်နဲ့ စိတ်ခံစားမှုတွေဆိုတာ သမီးရည်းစားတုန်းကလို နာရီပိုင်းလေး ကွက်ခံစားချင်လို့ မရတော့ပါဘူး။ တဘဝစာ တွေးထားရမယ့်ကိစ္စတွေ ၊ လုပ်ကိုင်ဆောင်ရွက်သွားရမှာတွေ ဖြစ်ပါတယ်။
မောင်တထမ်း ၊ မယ်တရွက်ဆိုတဲ့စကားလေးဟာ တွေးရင်တွေးသလောက် ၊ ခံစားတတ်ရင် ခံစားတတ်သလောက် အဓိပ္ပါယ်ပြည့်စုံသော အိမ်ထောင်မှုရသကို ပေးစွမ်းနေပါတတယ်။ မောင်တထမ်း ၊ မယ်တရွက်ဆိုသလို ကိုယ်ချစ်တဲ့သူနဲ့ ဒီတာဝန်တွေ တဘဝစာ မျှဝေထမ်းသွားနိုင်ပါ့မလား။ ဝတ္တရားဆိုတာပဲ မကြည့်ဘဲ မေတ္တာ ၊ စေတနာလေး ရေရှည် ဖြည့်စွက်ထားနိုင်မယ်ဆိုရင် တဘဝစာ မျှဝေထမ်းသွားနိုင်မှာပါ။